ဧရာဝတီတိုင်းမ်
ဇွန် ၁၆ရက်

ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်အင်အားတို့ချဲ့ကာ လက်နက်များ ပြင်ဆင်ထားကြောင်းသိရသည်။

ယမန်နေ့ ဇွန် ၁၅ရက်နေ့တွင် တောင်ကုတ်တက္ကသိုလ် အနောက်ဖက် တိမ်းချောင်းဖျားဒေသနှင့် ချောင်းကောက်ရပ်ကွက်တို့တွင် စစ်ကောင်စီနှင့် AA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်တပ်က ဗုံးလည်းလာကြဲတယ်။ လက်နက်ကြီးနဲ့လည်းပစ်တယ်။ သူတို့တွေ အမြင့်ပိုင်းနေရာတွေမှာ အကုန်နေရာယူထားကြတယ်။ AAကလည်း သူတို့ကို အကုန်ပိတ်ဆို့ထားတယ်။ ဗုံးကြဲတာကတော့ AA တပ်ဖွဲ့ရှိမယ်ထင်တဲ့ ရွာတွေကို ကြဲတယ်လို့ ပြောနေကြတယ်” ဟု တောင်ကုတ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချောင်းကောက်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ဗိုလ်ကြီး အောင်ဇော်ထွန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ် ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယခု ဇွန်လ ဒုတိယပတ်မှစတင်၍ တောင်ကုတ်မြို့ရှိအမြင့်ပိုင်းနေရာများဖြစ်သည့် ဝန်ထမ်းအိမ်ရာ၊ တောင်ကုတ်တက္ကသိုလ်နှင့် မြို့တွင်းရှိအဆောက် အအုံအမြင့်များတွင် စနိုက်ဘာတပ်ဖွဲ့များနှင့် လက်နက်ကြီးများ ပို့ဆောင်ထားကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ဇွန် ၁၅ရက်နေ့တွင် စစ်ကောင်စီက တောင်ကုတ်မြို့နယ်အတွင်းရှိ မီးချောင်းထိုး၊ ကင်းတောင်၊ မောင်းကန် ရွာများဘက်သို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“ကင်းတောင်တို့ ဆားပြင်တို့ဘက်မှာ AAရှိတယ်ဆိုပြီး နေ့တိုင်း ဗုံးကြဲပြီး လက်နက် ကြီးနဲ့ထုနေတာ။ မြို့ပေါ်က အိမ်တွေတောင် တုန်ကုန်တယ်။ မြို့ထဲကလူတွေကိုလည်း ပေးမထွက်တော့ဘူး။ ပုလင်းကြီးချိတ်ပြီး သေလုမျောပါးဖြစ်နေတယ်၊ လူနာတင်ယာဥ် သုံးနေရတဲ့ အခြေအနေမှ ပေးထွက်တယ်။ ဒါတောင်မိသားစုဝင် နှစ်ယောက်ထက် ပိုမလိုက်ရဘူး။ ချက်ချင်းဆင်းခိုင်းတာ။ အကုန်ပိတ်ဆို့ထားတယ် စစ်တပ်က” ဟု တောင်ကုတ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက တောင်ကုတ်မြို့နယ်အတွင်းကို ပြီးခဲ့သည့် ဇွန် ၈ရက်နေ့ကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တောင်ကုတ်တွင် စစ်ကောင်စီ၏ အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) ၊ ခမရ-၅၄၄ နှင့် ခမရ-၃၄၆ တို့ရှိပြီး ၎င်းဌာနချုပ်တပ်ရင်းများကို စစ်ကောင်စီက အင်အားများတိုးချဲ့ပို့ဆောင်ထားကြောင်းသိရသည်။

#တောင်ကုတ် #စစ်ကောင်စီ #AA #တိုက်ပွဲဖြစ် #လက်နက်ကြီး #စနိုက်ဘာအဖွဲ့ #စစ်ရေးပြင်ဆင် #Ayeyarwaddy _Times