ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

ရုရှားနိုင်ငံရဲ့ ၂၇ လကြာ ကျူးကျော်စစ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ယူကရိန်းရဲ့ စွမ်းအင်ကဏ္ဍနဲ့ လူသားချင်းစာနာမှု အကူအညီအဖြစ် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ပံ့ပိုးကူညီမယ်လို့ အမေရိကန် ဒုတိယသမ္မတ ကာမဲလာဟားရစ်က ကြေညာလိုက်ပါတယ်။

ကာမဲလာဟားရစ်က ဆွစ်ဇာလန်နိုင်ငံ၊ Lucerne မြို့မှာကျင်းပတဲ့ ယူကရိန်း ငြိမ်းချမ်းရေး ထိပ် သီးဆွေးနွေးပွဲကို တက်ရောက်စဉ် အခုလို ကြေညာခဲ့တာဖြစ်ပါတယ်။

ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံထဲမှာ စွမ်းအင်နယ်ပယ်အတွက် ရန်ပုံငွေ ဒေါ်လာ သန်း ၅၀၀ နဲ့ ယူ ကရိန်းရှိ အရေးပေါ် စွမ်းအင်အခြေခံအဆောက်အအုံ ပြုပြင်ရေးနဲ့ အခြား လိုအပ်ချက်တွေအတွက် ဒေါ် လာ ၃၂၄ သန်းလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။

“ဒီငွေကြေးအကူအညီကြောင့် ယူကရိန်း စွမ်းအင်အခြေခံအဆောက်အအုံတွေအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ယူကရိန်းက တုံ့ပြန်လာနိုင်ပါမယ်” လို့ အမေရိကန် ဒုတိယသမ္မတရုံးက ပြောပါ တယ်။

စစ်ပွဲကြောင့် ဘေးသင့်ခဲ့ရတဲ့ ဒုက္ခသည်တွေ၊ အခြားသူတွေကိုကူညီဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီရဲ့ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၃၇၉ သန်းကိုလည်း ၎င်းက ကြေညာခဲ့ပါတယ်။

အဆိုပါငွေကြေးကို သန်းနဲ့ချီတဲ့ ယူကရိန်းပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့် ရှောက်မှု၊ နေစရာ၊ သောက်သုံးရေနဲ့ ရေဆိုးစနစ်ပြုပြင်ရေးအတွက် သုံးစွဲမယ်လို့ သိရပါတယ်။

ကာမဲလာဟားရစ်ဟာ ဆွစ်ဇာလန်နိုင်ငံမှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံကာ ငြိမ်းချမ်း ရေး ထိပ်သီးဆွေးနွေးပွဲမှာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အမေရိကန်-ယူကရိန်း နှစ်နိုင်ငံ လုံခြုံရေးသဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့တဲ့ G7 ထိပ်သီးဆွေးနွေးပွဲနဲ့ ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ နှစ် ၈၀ ပြည့် D-Day အ ခမ်းအနားမှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကိုးကား – Reuters
Ref; US VP announces $1.5 billion for aid for Ukraine at peace summit in Switzerland

#Ayeyarwaddy_Times