နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပထမဆုံး တက်ရောက်ခွင့် ရရှိခဲ့သော စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု (LMC) ထိပ်သီးခေါင်း ဆောင်များ အစည်းအဝေး သဘောတူညီချက် များအရ တရုတ်အစိုးရက စစ်ကောင်စီကို အမေရိကန်ဒေါ်လာ ၃.၆ (သုံးဒသမခြောက်) သန်းခန့် လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား LMC အထူးရန်ပုံငွေ (၂၀၂၄ ခုနှစ်) ဖြင့် ဖော်ဆောင်မည့် စီမံကိန်းများအတွက် ရန်ပုံငွေ လွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက် လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ဇွန် ၁၄ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် နှစ်ဖက်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးခြင်းသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက် LMC ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှ သဘောတူညီချက်များကို အကောင်အထည် ဖော်ဆောင်သည့် အရေးကြီးလုပ် ဆောင်ချက် ဖြစ်သည်ဟု တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်က ပြောဆိုကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံအနေဖြင့် စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ အရေးနိမ့်လာသော စစ်ကောင်စီကို ၎င်းတို့အကျိုးစီးပွား စီမံကိန်းများ အကြောင်းပြ၍ အကူအညီ ပေးအပ်မှုများ ခပ်စိပ်စိပ် လုပ်ဆောင်လာသော်လည်း အသက်ဆက်ပေးခြင်းမျိုး မဟုတ်ကြောင်း မြန်မာ့အရေး လေ့လာသူများက သုံးသပ်ပြောဆိုသည်။

“အမှန်ကတော့ တရုတ်က စစ်ကောင်စီကို အသက်ဆက်ပေးတာ မဟုတ်ပါဘူး။ သူ့အကျိုးစီးပွားတွေကို ဆက်ဆံပြီး တိုးချဲ့လုပ်ဖို့အတွက် စဉ်းစားနေတာပါ။ ဒီအပေါ်မှာ စစ်ကောင်စီဘက်ကလည်း ဘယ်ကရရ၊ ရတဲ့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု မှန်သမျှ သူကယူဖို့ ပြင်ဆင်ထားတာပါ။ ဒါပေမယ့် လက်တွေ့မှာ ဘာမှအလုပ်ဖြစ်မှာ မဟုတ်ပါဘူး” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် ၇၄ နှစ်တစ်လျှောက် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို သက်ဝင်လှုပ်ရှား ထင်ဟပ်စေကာ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် အရေးကြီးသော ပါဝင်သူ၊ တွန်းအားပေးသူနှင့် အကျိုးခံစားသူဖြစ်ကြောင်း မစ္စတာချန်းဟိုင်က ဆိုသည်။

စစ်ကောင်စီကမူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အထူးရန်ပုံငွေ (၂၀၂၄ ခုနှစ်) ဖြင့် မြန်မာနိုင်ငံ၏ ဝန်ကြီးဌာန ခြောက်ခုက ဖော်ဆောင်မည့် စီမံကိန်း ၁၂ ခုအတွက် အမေရိကန်ဒေါ်လာ ၃.၆ သန်းခန့်ကို နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံက လွှဲပြောင်း ပေးအပ်မည်ဖြစ်ကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာမှတဆင့် ထုတ်ပြန်ထားသည်။

ယင်းစီမံကိန်း ၁၂ ခုမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကုန်သွယ်ရေး၊ ဆန်းသစ်တီထွင်မှု စသည့် နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရေးတို့ဖြစ်ကာ ထိုအတွက် ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံသည် မဲခေါင်မြစ်နိုင်ငံများအနက် ပံ့ပိုးကူညီမှု ရရှိသော စီမံကိန်းအရေအတွက် အများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။

“တရုတ်က အခုစကစ(စစ်ကောင်စီ)ကို အသက်ဆက်ပေးနေတယ်လို့ သဘော ပေါက်လို့ မရဘူးထင်တယ်။ တရုတ်က နိုင်ငံကြီးဖြစ်တော့ နိုင်ငံချင်း ဆက်ဆံရေးကိုတော့ အလေးထားတယ်။ နေပြည် တော်ကို ဆက်ပြီး ဆက်ဆံနေမှာပဲ။ မဲခေါင်-လန်းချန်း အကူအညီတွေက နိုင်ငံစုံ (multi-lateral platform) က ဖွံ့ဖြိုးရေး အကူအညီ ဆက်ပေးတာ၊ ကင်းလှည့်ရေယာဉ် ၆ စင်းက အရင်သဘောတူညီချက် CMEC အရ ပေးတာလို့ သဘောပေါက်တယ်” ဟု ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံသည် LMC အစည်းအဝေးအတွက် တရုတ်နိုင်ငံနှင့် တွဲဖက်၍ ပူးတွဲဥက္ကဋ္ဌအဖြစ် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအထိ တာဝန်ယူရသော်လည်း အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သောကြောင့် တရုတ်နိုင်ငံက ဆိုင်းငံ့ခဲ့ရာမှ ပြန်လည် ပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက် LMC ထိပ်သီးအစည်းအဝေးသည် စစ်ခေါင်း ဆောင် ပထမဆုံး တက်ခွင့်ရခဲ့သည့် ဒေသတွင်း အစည်းအဝေး တစ်ခုဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ထောက်ပံ့ပေးအပ်သော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ရန်ပုံငွေမှတစ်ဆင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် တန်ဖိုးရှိ ကဏ္ဍပေါင်းစုံ စီမံကိန်းပေါင်း ၁၁၈ ခုကို လက်ခံရရှိပြီးဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

“လန်းချန်း-မဲခေါင် စီမံချက်က မြန်မာအပါအဝင်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား မဲခေါင်မြစ် ဖြတ်သန်းရာ နိုင်ငံတွေကို ဖွံ့ဖြိုးရေးနဲ့ တရုတ် ယူနန်ခရိုင်နဲ့ ကုန်သွယ်စီးပွား ချိတ်ဆက်ရေး လုပ်တာပါ။ အမေရိကန်က ပင်လယ်ပြင်မှာ မဲပြီး စည်းရုံးနေတုန်း အာဆီယံ ကုန်းတွင်းဒေသမှာ တရုတ်က အသေအချာ ခြေချထားတာပါ။ မြန်မာက စစ်အစိုးရဖြစ်လို့ ချန်ထားမယ် မရှိပါဘူး။ သူက ဒေသအစီအမံမို့ ဆက်လက် ကူညီမှုတွေ ရနေမှာပါ” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

တရုတ်အစိုးရသည် ယခင် NLD အစိုးရနှင့် နှစ်ဖက်သဘောတူ စီမံကိန်းအရ မြန်မာနိုင်ငံကို ကင်းလှည့်ရေယာဉ်ခြောက်စင်း၊ ၂၀၂၁ ခုနှစ်တွင် စတင်တည် ဆောက်ခဲ့သော ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်း (CDC) တို့ကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ထို CDC သည် လတ်တလော နှစ်အတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အကူအညီပေးသော အကြီးမားဆုံး စီမံကိန်းဖြစ်ကြောင်း သိရသည်။

“ဒီလိုလုပ်ကိုင် ဆောင်ရွက်နေတဲ့အတွက် စစ်အစိုးရ ထပ်ပြီးတော့ သက်ဆိုးရှည် လာစရာ အကြောင်းတော့ မရှိပါဘူး။ နောက်ဆုံးမီးတောက်ပေါ့ဗျာ။ ငြိမ်းခါနီး ထတောက် ဖို့အတွက် ကြိုးပမ်းနေတဲ့ လုပ်ဆောင်မှုတွေသာ ဖြစ်တယ်လို့ ကျွန်တော်တို့ကတော့ သုံးသပ်ပါတယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

ဓာတ်ပုံ – စစ်ကောင်စီ
#လန်ချန်းမဲခေါင် #ထိပ်သီးအစည်းအဝေး #သဘောတူညီချက် #တရုတ် #စစ်ကောင်စီ #ဒေါ်လာ၃ဒသမ၆သန်း #Ayeyarwaddy_Times