ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇွန် ၁၆ ရက်)

“ဟော်မုန်း” ဆိုတဲ့စကားလုံးကို ရင်းနှီးနေကြပေမယ့် ဘာလဲဆိုတာကို သေသေချာချာ မသိကြသူတွေ များပါတယ်။
ခန္ဓာကိုယ်မှာ ဟော်မုန်းတွေအမျိုးအစားတွေ အများကြီးရှိနေပါတယ်။

ဟော်မုန်း(Hormone) ဆိုတာ သွေးအတွင်းတည်ရှိနေတဲ့ဇီဝရုပ်ထိန်းချုပ် ဓာတ်ပစ္စည်း တွေလို့ အလွယ်မှတ်လို့ရပါတယ်။ ဇစ်မြစ်အင်္ဂါတွေကနေ ဟော်မုန်းကိုထုတ်ပေးပြီး ခန္ဓာကိုယ်အတွင်းသွေးထဲမှာ စီးဝင်လှည့်ပတ်ရင်း ဟော်မုန်း လိုအပ်တဲ့ကိုယ်အင်္ဂါတွေဆီ ရောက်သွားတဲ့အခါ အာနိသင်ပြ ပြောင်းလဲမှုတွေဖြစ်ပေါ်စေပါတယ်။

🟥ယောက်ျားဟော်မုန်း (Male Sex Hormone)

ယောက်ျားပီသတဲ့ သွင်ပြင်လက္ခဏာတွေ ဖြစ်စေဖို့ ယောက်ျားဟော်မုန်းလိုအပ်ပါတယ်။

Testosterone လို့ခေါ်တဲ့ လူသား ယောကျာ်းဟော်မုန်းကိုထုတ်ပေးတဲ့ ဇစ်မြစ်အင်္ဂါက ဝှေးစေ့ နှစ်လုံးပဲဖြစ်ပါတယ်။ ယောကျာ်းဟော်မုန်းကြောင့် အရွယ်ရောက်ပြီး အမျိုးသား တစ်‌ယောက်ပုံစံမျိုး ပြောင်းလဲလာတာဖြစ်ပါတယ်။

ယောက်ျားဟော်မုန်းက ကြွက်သားတွေကို ကြီးမားစေပါတယ်။ အဖုအထစ်တွေအဖြစ် သန်မာစေအောင် လှုံ့ဆော်ပါတယ်။ အရိုးတွေကိုဖွံ့ထွားစေပါတယ်။ ခန္ဓာကိုယ်အနှံ့ အမွှေးကြမ်းတွေပေါက်အောင် လုပ်ဆောင်ပါတယ်။

ဒေါသဖြစ်လွယ်တာ၊ ကြမ်းတမ်းလွယ်တာ၊ လွှမ်းမိုးချင်လာတာ၊ လိင်စိတ်ပြင်းထန် ရာဂထကြွပြီးပြိုင်ဆိုင်လိုလာတာတွေက ယောက်ျားဟော်မုန်းများပြားခြင်းရဲ့ သက်ရောက်မှုတွေ ဖြစ်ပါတယ်။

ယောက်ျားဟော်မုန်းက စိတ်ခံစားချက်တက်ကြွခြင်း၊ ပြိုင်ဆိုင်အနိုင်ယူခြင်း၊ ပတ်ဝန်း ကျင်ကိုဦးစီဦးဆောင်ပြုခြင်း၊ လိင်စိတ်ရာဂရမက်ထန်ခြင်း၊ အားအင်သုံး လုံ့လပြုခြင်းတွေကို ကိုယ်စားပြုနေပါတယ်။

ယောက်ျားဟော်မုန်းဟာ အမျိုးသားတွေအတွက် သန္ဓေအောင်နိုင်ခြင်း၊ ခန္ဓာကိုယ်တွင် အဆီပိုများစုပုံနေခြင်း၊ စိတ်သောကရောက်ခြင်းနဲ့စိတ်ဓာတ်ကျခြင်း၊ လိင်မှုကိစ္စ စွမ်းဆောင်နိုင်ခြင်း၊ အရိုးသိပ်သည်းဆကောင်းခြင်းစတဲ့ သက်ရောက်မှုတွေ ရှိနေပါတယ်။

🟥လူပျိုပေါက်အရွယ်နှင့်အမျိုးသားဟော်မုန်း

အမျိုးသားဟော်မုန်း ရုတ်တရက်များပြားလာတဲ့ အာနိသင်တွေကြောင့် ကြီးကောင်ဝင်စ လူငယ်တွေမှာ လိင်အင်္ဂါတွေဖွံ့ဖြိုးလာပါတယ်။ လိင်တံကြီးမားဖွံဖြိုးရှည်ထွက်လာခြင်း၊ အသံသြလာခြင်း၊ အရပ်ရှည်လာခြင်း ၊ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေးစတဲ့ မျက်နှာပြင်အမွေးများထွက်လာခြင်း၊ ချိုင်း(ဂျိုင်း)မွေးများထွက်လာခြင်း၊ ဆီးခုံမွေး၊ ဝမ်းဗိုက်မွေး၊ ခြေသလုံးမွေး စတဲ့အမွှေးအမျှင်တွေလည်း ပေါက်လာ‌စေပါတယ်။

ယောက်ျားဟော်မုန်းကြောင့် ဦးရေပြားဆံပင်တွေ လျော့နည်းလာခြင်းတွေ နဖူးထောင့်မှ အမွေးများပြောင်လာခြင်း လက္ခဏာတွေလည်း ဖြစ်လာတတ်ပါတယ်။ အမျိုးသား ဟော်မုန်းလွန်ကဲခြင်းကြောင့် အရေပြားပြဿနာတွေဖြစ်ပြီး မျက်နှာမှာဝက်ခြံတွေ ထွက်လာတတ်ပါတယ်။

🟥လေ့ကျင့်ခန်းပြုလုပ်သူများနှင့် ယောက်ျားဟော်မုန်း

လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ပေးသူတွေမှာ အမျိုးသားဟော်မုန်းက ရှိသင့်ရှိထိုက်တဲ့ ပမာဏမှာတည်ရှိနေပြီး အသားဓာတ်ပြည့်ဖြိုးကာ ခန္ဓာကိုယ်ကြွက်သားထုထည်ကို တည်ဆောက်ပေးပါတယ်။ ကျန်းမာသန်စွမ်းခြင်းကို ယောက်ျားဟော်မုန်းက ပေးစွမ်း ပါတယ်။

လေ့ကျင့်ခန်းမှန်မှန် မလုပ်သူတွေမှာတော့ အသားဓာတ်နည်းပါးပြီး ခန္ဓာကိုယ် ကြွက်သားထုထည် လျော့ဆင်းလာကာ အရိုးသန်စွမ်းမှုလည်း ချည့်နဲ့လာပါတယ်။ ယောက်ျားဟော်မုန်းတွေကျဆင်းနေတတ်ပါတယ်။

🟥အရွယ်ရောက်အမျိုးသားနဲ့ယောက်ျားဟော်မုန်း

သုက်ရည်အတွင်းမှာ ကျန်းမာသန်စွမ်းတဲ့ သုက်ကောင်လေးတွေ ဖြစ်တည်ဖို့ ယောက်ျား ဟော်မုန်းက မရှိမဖြစ်လိုအပ်ပါတယ်။ အဖေ‌ကောင်း တစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် ဆင်ခြင်ရမှာတွေ အများကြီးရှိပါတယ်။

အရွယ်ရောက်ပြီး အမျိုးသားတွေအတွက် ယောက်ျားဟော်မုန်းက ရွှေထက်ပင် တန်ဖိုးရှိပါတယ်။ ယောက်ျားတစ်ယောက်ရဲ့ဖြစ်တည်မှုက လိင်မှုကိစ္စမှာ တည်ရှိတယ်လို့ တွေးကြတဲ့ ပုရိသတွေဟာ ယောက်ျားအားတိုးဆေး လိင်အင်္ဂါကျန်းမာ သန်စွမ်း ဆေးတွေကို စျေးကြီးပေးပြီးဝယ်ယူမှီဝဲကြပါတယ်။

ဆေးလိပ်ရှောင်ခြင်း၊ အရက်မသောက်ဘဲနေခြင်း၊ အာဟာရပြည့်ပြည့်ဝဝစားသုံးခြင်း၊ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးခြင်း၊ အတွင်းခံဘောင်ဘီခပ်ကျပ်ကျပ်တွေ မဝတ်ဘဲ ရှောင်ကြဉ်ခြင်းကဲ့သို့ အခြေခံကျန်းမာရေး အချက်အလက်တွေကသာ ယောက်ျား ဟော်မုန်း နဲ့ မျိုးပွားအင်္ဂါကျန်းမာရေးအတွက် အရေးကြီး‌ နေတတ်ဆိုတာ မှတ်ယူထား စေချင်ပါတယ်။

အသက်အရွယ်ကြီးရင့်လာတဲ့ အန်ကယ်တို့တွေမှာတော့ ယောက်ျားဟော်မုန်း လျော့နည်း တာမျိုးဖြစ်တတ်ပါတယ်။ အသက်အရွယ်အလိုက် ကျန်းမာရေး အလေ့အထတွေ ပုံမှန်ပြုလုပ်ဖို့ လိုအပ်ပါတယ်။

🟥ယောက်ျားဟော်မုန်းဆေးဝါးများ

အမျိုးသားဟော်မုန်းလျော့နည်းတဲ့ရောဂါတွေမှာ ဟော်မုန်းကို ဆေးဝါးအဖြစ်ကုသရာ မှာသုံးပါတယ်။ အမျိုးသားဟော်မုန်း လိမ်း‌ဆေး သောက်ဆေး ထိုးဆေးတွေ ပေးပြီးကုသကြရပါတယ်။

အမျိုးသားဟော်မုန်းဆေးကို အမျိုးသားကဲ့သို့ လိင်စိတ်တိမ်းညွှတ်သူ TransMan များ သုံးစွဲပြီး အမျိုးသားအသွင်အပြင်ကဲ့သို့ပြုပြင်ပြင်ဆင်ကြပါတယ်။ ခန္ဓာကိုယ်ကြွက်သား တည်ဆောက်နေကြတဲ့ Gym ကစားသူတွေ၊ အားကစားသမားတွေမှာလည်း ကြွက်သား ထုထည်တင်ဖို့အတွက် ယောက်ျားဟော်မုန်းကို သုံးစွဲတာကြုံရတတ်ပါတယ်။

တတ်ကျွမ်းနားလည်တဲ့ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးကုသဖို့သာ လိုအပ်ကြောင်း အသိပေးချင်ပါတယ်။။

ကိုယ့်ရဲ့ ဝှေးစေ့ကနေ ထုတ်တဲ့ ဟော်မုန်းသည်သာ အကောင်းဆုံးဖြစ်ပါတယ်။ ဆေးဝါးအနေဖြင့် သုံးစွဲလိုက်ရတဲ့ အမျိုးသားဟော်မုန်းက ‌ဝှေးစေ့ကိုသေးသိမ် သွားစေတတ်တဲ့ သာဓကတွေလည်း ရှိတာကြောင့် တက်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီးမှသာ ဆေသုံးကုသသင့်တာဖြစ်ပါတယ်။

ယောက်ျားဟော်မုန်း (Testosterone) သုံးစွဲနေသူများမှာ ဝက်ခြံရောဂါခံစားရခြင်း၊ အမျိုးသားများရင်သားကြီးထွားလာခြင်း၊ လိင်မှုကိစ္စကို စိတ်ဝင်စားမှုအားကြီးလာခြင်း၊ အမျက်ဒေါသထွက်လွယ်လာခြင်းတွေလည်း ကြုံတွေ့ရတတ်ပါတယ်။

ဒါကြောင့် အမျိုးသားဟော်မုန်းပေးကုသရန်လိုအပ်တဲ့ လူနာတွေကို ဆေးမပေးခင် သွေးဖောက်ပြီး အမျိုးသားဟော်မုန်းပမာဏကို စစ်ဆေးကြည့်ရှုရမှာ ဖြစ်သလို လိုအပ်တဲ့ အချိန်ကာလအပိုင်းအခြားအလိုက် မှန်မှန်စစ်ဆေး မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

အမျိုးသားဟော်မုန်းအကြောင်းကို ဗဟုသုတ‌အနေဖြင့် သိရှိသွားပြီးတဲ့အခါ နောက်တစ်ပတ်မှာတော့ ဧရာဝတီတိုင်းမ်း ကျန်းမာရေးပညာပေးအစီစဉ်မှ ဂေါက်ရောဂါနှင့် အစာအာဟာရ ဆောင်းပါးကို တင်ဆက်သွားမှာဖြစ်ပါတယ်။

ဖတ်ရှုနားဆင် နေကြသူ ပုရိသ ဣထိယပရိသတ် အပေါင်းလည်းကျန်းမာရွှင်လန်းကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ယောကျာ်းဟော်မုန်းအကြောင်းသိကောင်းစရာ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)