
ဧရာဝတီတိုင်းမ်
ဇွန် ၁၆ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် မြို့သူ ၊ မြို့သားများ ညတွင်းချင်းပင် မောင်တော မြို့မှ ချက်ချင်းထွက်ခွာရန် အာရက္ခတပ်တော် (AA) က အရေးပေါ်ထုတ်ပြန်လိုက်သည်။
မောင်တောမြို့ရှိ ပြည်သူများ ယနေ့ ဇွန် ၁၆ ရက်နေ့ ည ၉နာရီမှစတင်၍ အရေးပေါ်ချက်ချင်း မြို့မှထွက်ခွာကြရန် AAက ဆိုသည်။
ဘင်္ဂလားပင်လယ်အော်နှင့် အပြိုင်တည်ရှိနေသော မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးနီးပါးကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ် သိမ်းပိုက်ထားပြီး မောင်တောမြို့နှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကိုလည်း AA မှ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီး ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် မောင်တောမြို့ကို ၎င်းတို့၏ စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီ၏ အဆိုပါ လက်ကျန်စခန်းများ အားလုံးကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်တော့မည်ဖြစ်၍ မောင်တော မြို့သူ မြို့သားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက် အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုး မရှိစေရန် AA က သတိပေး ထားသည်။
မောင်တောဒေသခံ ပြည်သူလူထု၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တောမြို့သူမြို့သားများအနေဖြင့် ယနေ့ ဇွန်လ ၁၆ ရက်၊ ည (၉) နာရီအချိန်မှစတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က အလေးအနက် အသိပေးကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် မောင်တောဒေသရှိ စစ်ကောင်စီ၏နယ်ခြားစောင့်စခန်း (နခခ) များနှင့် ဗျူဟာ ၁၀ခုထက်မနည်းကို AAက သိမ်းပိုက်ထားပြီး လက်ကျန်စခန်းများကို ထိုးစစ်ဆင်လျက်ရှိသည်။
ထို့အပြင် ရာနှင့်ချီသော စစ်ကောင်စီတပ်သားများကို စစ်သုံ့ပန်းများအဖြစ်ဖမ်းဆီး ရမိထားပြီး စစ်လက်နက်အများအပြားကိုသိမ်းဆည်းရမိကာ တချို့စစ်ကောင်စီတပ်သား များမှာ စခန်းများကိုစွန့်ခွာ၍ လက်လွတ်ထွက်ပြေးနေကြကြောင်း သိရသည်။
#မောင်တော #AA #စစ်ကောင်စီစခန်းများ #ထိုးစစ်ဆင်တိုက်ခိုက် #ပြည်သူများ #မြို့ကိုစွန့်ခွာ #အရေးပေါ်ထုတ်ပြန် #Ayeyarwaddy_Times