
ဧရာဝတီတိုင်းမ်
ဇွန် ၁၆ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ရွာ ၁၂ ရွာမှ ဒေသခံများကို စစ်ကောင်စီက စစ်တွေမြို့အတွင်းသို့ အတင်းအဓမ္မပြောင်းရွှေ့ခိုင်ခဲ့ပြီးနောက် ဧည့်စာရင်း အကြောင်း ပြကာ ဖမ်းဆီးနေကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ ဇွန် ၁၅ရက် ညပိုင်းက ဧည့်စာရင်းစစ်သည်ဟုဆိုကာ ဒေသခံပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံရသူအများစုမှာ ပြီးခဲ့သည့် ရက်ပိုင်းက စစ်တွေမြို့အတွင်း ဖိအားပေးပြောင်းရွှေ့ခိုင်းခြင်းခံခဲ့ရသည့် တြီတဲ မြစ်ရိုးတလျှောက်ရှိ ရွာ ၁၂ရွာမှ ဒေသခံအများစု ဖြစ်ကြောင်း သိရသည်။
“မှတ်ပုံတင်ရော အိမ်ထောင်စုစာရင်းရော ပြနိုင်တယ်။ ဒါပေမယ့် မရဘူး ဖမ်းသွားတယ်။ တချို့ဆို မိသားစုလိုက် အဖမ်းခံရတယ်ပြောတယ်။ အိမ်တွေကိုဝင်စစ်ပြီးဖမ်းတာပါ။ သူတို့ရွှေ့ပေးထားတဲ့ ဘုန်းကြီးကျောင်းတွေဘက်ကတော့ စစ်လား၊ မစစ်လား မသိဘူး။ ညကရပ်ကွက် ၃ခုကိုစစ်သွားပြီး လူ ၅၀လောက်ပါသွားတယ်လို့ သတင်းကြားပါတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တွေမြို့ မင်းဂံ အမှတ် (၈)ရပ်ကွက်၊ အမှတ် (၉)ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက်တို့ကို စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ပြီး အိမ်ထောင်စုသန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပြ နိုင်သော်လည်း အကြောင်းမဲ့ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေချမ်းပြင်၊ အုန်းရေဖော်၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲကျေးရွာ၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်၊ ပျားလယ်ချောင်းရွာဟောင်း၊ ပျားလယ်ချောင်း ရွာသစ်၊ သင်ပုန်းတန်း၊ မောင်နီပြင် စသည့် ကျေးရွာ ၁၂ရွာမှ ဒေသခံများကို ပြီးခဲ့သည့် ဇွန် ၉ရက်နေ့မှ ၁၄ရက်နေ့အတွင်း စစ်တွေမြို့ရှိ ဓမ္မာရာမ၊ ဝိဘဇ္ဇာဝါဒီ နှင့် စစ်ကဲ စသည့် ဘုန်းကြီးကျောင်းများသို့ အပြီးပြောင်းရွှေ့ပေးရမည်ဟု စစ်ကောင်စီက အဓမ္မ ညွှန်ကြား ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ကျေးရွာ ၁၂ ရွာကို ပြောင်းရွှေ့ရန် အဓမ္မခိုင်းစေခဲ့ပြီးနောက် အဆိုပါ ကျေးရွာများမှ နေအိမ်များသို့ ဝင်ရောက်၍ အိမ်စောင့်ကျန်ခဲ့သူများကို ဖမ်းဆီးကာ နေအိမ်အတွင်းရှိ အသုံး အဆောင်ပစ္စည်းများကို ယူငင်လျှက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့ပြောင်းရွှေ့မိန့်ပေးထားသည့် ရက်အပြီး ဇွန် ၁၅ရက်တွင် စစ်တွေမြို့အတွင်း ယခုကဲ့သို့ ဝင်ရောက်စစ်ဆေးပြီး အတင်းအဓမ္မပြောင်းရွှေ့ခံရ၍ နေစရာမဲ့နေသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ-စစ်တွေမြို့အတွင်းသို့ တင့်ကားများဖြင့်လှည့်လည်နေသည့် စစ်ကောင်စီတပ် (ပုံဟောင်း)
#စစ်တွေ #စစ်ကောင်စီ #ဧည့်စာရင်းအကြောင်းပြ #ဒေသခံ၅၀ #ဖမ်းဆီးခံရ #Ayeyarwaddy_Times