ဧရာ၀တီတိုင်းမ်
ဇွန် ၁၅ ရက်

မကွေးတိုင်း၊ ချောက်ခရိုင်၊ စလေမြို့တွင် စစ်ကောင်စီခန့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် ပျူစောထီးများက ခြိမ်းခြောက်အနိုင်ကျင့်မှုများ လုပ်ဆောင်နေသည့်အပြင် စစ်မှုထမ်းရန်အတွက် အဓမ္မဖမ်းဆီးခေါ်ယူများရှိနေ၍ ဒေသခံများအနေဖြင့် စိုးရိမ် ထိတ်လန့်နေကြောင်း သိရသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့ပြီးနောက် စစ်ကောင်စီခန့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ငွေကြေးတတ်နိုင်ခြင်းမရှိသည့် လက်လုပ် လက်စား များကို စစ်မှုထမ်းစာရင်းသို့ ထည့်သွင်းခြင်းများ အတင်းအကျပ်ပြုလုပ် လာကြောင်း ဒေသခံများထံက သိရသည်။

“ရပ်ကွက်တစ်ခု ဒါမှမဟုတ် ကျေးရွာတစ်ရွာမှာ စစ်မှုထမ်းရမယ့်သူ ဘယ်နှစ်ယောက် ဆိုပြီး သက်ဆိုင်ရာ အုပ်ကြီးတွေက ထွေ/အုပ်တွေဆီ စာရင်းပေးကြတယ်။ စစ်မှုထမ်း စာရင်းပါသူ အများစုကတော့ ငွေကြေး မတတ်နိုင်တဲ့ လက်လုပ်လက်စားတွေများတယ်” ဟု စလေမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စလေမြို့နယ်တွင် စစ်ကောင်စီတပ်အတွက် စစ်မှုထမ်းစာရင်းကို ပျူစောထီးအဖွဲ့ ခေါင်းဆောင်ကိုမိုးအောင်ဆိုသူက အဓိက အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်ပြီး ကိုမိုးအောင်သည် အာဏာမသိမ်းမီက မှုခင်းရှုထောင့်ဂျာနယ်၏ သတင်းထောက်တစ်ဦး ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ကိုမိုးအောင်နှင့်ပျူစောထီးအဖွဲ့သည် ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့က စစ်မှုထမ်းရန် အဓမ္မဖမ်း ဆီးခေါ်ယူထားသည့် လူငယ် ၂၀ ခန့်ကို စစ်သင်တန်း တက်ရောက်ရန်အတွက် ချောက်မြို့ရှိ ခလရ-၁၃ တပ်ရင်းကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။

” ထွန်းတောက်ကျော်ယာဉ်လိုင်းက ကားနှစ်စင်းနဲ့ ချောက်ကို ပို့လိုက်တာလို့ ကြားတယ်။ သူတို့က စစ်မှုထမ်းဖို့ ဖမ်းထားတဲ့လူငယ်တွေကို ချောက်ကို အရင်ပို့ပြီး လူစုပြီးမှ တောင်တွင်းကြီးစစ်သင်တန်းကျောင်း ကိုပို့တာ” ဟု စလေမြို့ခံက ဆိုသည်။

ကိုမိုးအောင်ဦးဆောင်သည့် ပျူစောထီးများသည် မန္တလေးသို့သွားရောက်မည် လူငယ် ၂၀ ခန့် ကို ဖမ်းဆီးပြီး စစ်မှုထမ်းရန်အတွက် ချောက်မြို့ ၊ ခလရ- ၁၃ တပ်ကို ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

“ပျူစောထီးခေါင်းဆောင် မိုးအောင်က အတော်ကို ဆိုးပါတယ်။ သူ့ကို လမ်းမှာတွေ့လို့ ကြည့်မိရင်တောင် သူမကြိုက်ရင် ဒုက္ခပေးတယ်။ မကြာသေးခင်ကပဲ သက်ကြီးရွယ် အိုတစ်ဉီးကို သူ့ကားလာတာ လမ်းမဖယ်ပေးလို့ဆိုပြီး ကားပေါ်ကဆင်း ပါးရိုက်သွားတာ။ စလေတစ်မြို့လုံးက သူ့ကိုပဲ ကြောက်နေရတာ” ဟု စလေမြို့ရှိ ဒေသခံပြည်သူ တစ်ဉီးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပျူစောထီးခေါင်းဆောင်ကိုမိုးအောင်အပြင် မြောက်ကုန်းရပ်ကွက်သား ကိုမိုးကျော်သူ နှင့် ဘိလပ်မြေစက်ရုံဝန်ထမ်းကိုစိုးမင်းမင်းဝင်းတို့သည် စလေမြို့၏ နာမည်ကြီး ဒလန်များအဖြစ် သတ်မှတ်ခံရသူများ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“မိုးကျော်သူက အရင် NLD အမာခံပဲ။ ရွေးကောက်ပွဲမဲဆွယ်ကာလမှာ သူက တက်တက်ကြွကြွ ဉီး ဆောင်ခဲ့တာ။ အာဏာသိမ်းပြီးတဲ့နောက် ပျူစောထီးခေါင်းဆောင် စစ်တပ်သတင်းပေးဖြစ်သွားတာ” ဟု စလေဒေသခံက ဆိုသည်။

ယခုရက်ပိုင်းအတွင်း စလေမြို့အဝင်/အထွက်များတွင် လမ်းသွားလမ်းလာတွေကို ရှောင်တခင်စစ်ဆေးခြင်း၊ ဆိုင်ကယ်နှစ်ယောက်စီးပါက စစ်ဆေးခြင်း၊ ဖုန်းများကို စစ်ဆေးရာတွင် VPN တွေ့ရှိပါက ဖမ်းဆီးငွေညှစ်ခြင်းများ လုပ်ဆောင်နေ၍ ဒေသခံများ အနေဖြင့် စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း သိရသည်။

ပုံစာ- NLD အမာခံမှနေ၍ ပျူစောထီးခေါင်းဆောင် စစ်တပ်သတင်းပေးဖြစ်လာသူ ကိုမိုးကျော်သူ။

#စလေ #အုပ်ချုပ်ရေးမှူးများ #ပျူစောထီးများ #ခြိမ်းခြောက်အနိုင်ကျင့် #စစ်မှုထမ်း #အဓမ္မဖမ်းဆီးခေါ်ယူ #Ayeyarwaddy_Times