
ဧရာဝတီတိုင်းမ်
(ကျိုက်မရော)၊ ဇွန် ၁၅ ရက်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၆၀ ဝန်းကျင်ကို ယနေ့ ဇွန် ၁၅ ရက်နေ့ နံနက် ၂ နာရီ ဝန်းကျင်မှ စတင်ကာ သာယာဝတီထောင်နှင့် ဒိုက်ဦး အကျဉ်းထောင်များသို့ စစ်ကောင်စီက ထောင်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ထောင်ပြောင်းရွှေ့ခံရသည့်သူများတွင် ပါဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် ထောင်တွင်းသပိတ်တိုက်ပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူများ၊ ထောင်အာဏာပိုင်နှင့် ဝန်ထမ်းများ၏ အကျင့်ပြချစားမှုများကို ထောက်ပြပြောဆိုခဲ့ကြသည့် အကျဉ်းသား၊ အကျဉ်းသူ အများစုပါဝင်ကြောင်း သိရသည်။
“အဓိကထောင်ပြောင်းမှုဖြစ်စဉ်က ပြီးခဲ့တဲ့ရက်ပိုင်းက ညွှန်ကြားရေးမှူးကို နိုင်ငံရေး အကျဉ်းသူအပါအဝင် အခြားအကျဉ်းသူတွေက ပြုတ်ကျသွားတဲ့သူကို ပြင်ပဆေးရုံကို ပို့ဆောင်ပေးဖို့ဝိုင်းဝန်းတောင်းဆိုကြတာရှိတယ်။ အဲ့ဒီလိုတောင်းဆိုတာကို ထောင်တွေ ဘက်က ထောင်ဆူပူလို့ တံဆိပ်ကပ်ပြီး နောက်ပိုင်း ထောင်ပြောင်းရွှေ့မှု ပြုလုပ်တဲ့ အခြေအနေရှိတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ကျိုက်မရောအကျဉ်းထောင်မှ ထောင်းပြောင်းခံရသည့် အကျဉ်းသား၊ အကျဉ်းသူပေါင်း ၁၆၀ ဝန်းကျင်မှာ ယခုအခါ သာယာဝတီ၊ ဒိုက်ဦး စသည့်အကျဉ်းထောင်များသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် သာယာဝတီအကျဉ်းထောင်သို့ ဘတ်စ်ကား သုံး စီး ဖြင့် နိုင်ငံရေး အကျဉ်းသား ၁၅၀ ဝန်းကျင်ရောက်ရှိနေကြောင်း ထောင်ဝင်စာပို့ကြမယ် အဖွဲ့အစည်းထံက သိရသည်။
“သာယာဝတီအကျဥ်းထောင် ရောက်တယ်ပဲသိရပါသေးတယ်။ ဘယ်သူပါတယ် ဘာညာဘာမှမသိရသေးပါ” ဟု ထောင်ဝင်စာပို့ကြမယ် အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်ကျော်ကြာကာလအတွင်း နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၀၅၉၇ ဦးရှိကြောင်း AAPP အစီရင်ခံစာအရ သိရပြီး ကျိုက်မရောအကျဉ်းထောင်တွင် ၁၂၀၀ ဝန်းကျင် ဖမ်းဆီးခံထားရကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
#ကျိုက်မရော #အကျဉ်းထောင် #ထောင်ပြောင်းရွှေ့ #စစ်ကောင်စီ #နိုင်ငံရေးအကျဉ်းသား #Ayeyarwaddy_Times