နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်

ကချင်ပြည်နယ်၊ အထူးဒေသ (၁) နယ်မြေရှိ ချီဖွေမြို့နယ်နှင့် ကံပိုင်တည်ဒေသတို့မှ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်း ၁၄ ခုကို သိမ်းပိုက်ထားနိုင်ပြီး လက်ရှိတွင် နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံက သိရသည်။

စစ်ကောင်စီ လက်အောက်ခံ ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းကမူ ဆော့လော်၊ ချီဖွေမြို့နယ်နှင့် ကံပိုင်တည်ဒေသမှ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များအနေဖြင့် မြေတစ်လက်မတိုင်းကို ကာကွယ်၍ ခုခံစစ်ဆင် တိုက်ခိုက်ကြရန် ပြီးခဲ့သည့် ဇွန် ၇ ရက်က စစ်မိန့်ပေးစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ခဲ့ပြီးနောက် KIA သည် ဇွန် ၁၁ ရက်မှစ၍ စစ်ကောင်စီတပ်၊ ဦးဇခုန်တိန့်ယိန်း လက် အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် စခန်းများကို တိုက်ခိုက်ခဲ့ရာ စခန်းစွန့်ခွာ ထွက်ပြေးမှုများရှိပြီး လက်ရှိတွင် နှစ်ဖက်စစ်ရေး တင်းမာ နေ၍ ပြည်သူ့ယာဉ်များ သွားလာခွင့်မရသေးကြောင်း KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ကြီးကြီးကျယ်ကျယ် တိုက်ပွဲဖြစ်ပြီးမှ ပြေးတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ တိုက်ဖို့လာတဲ့အချိန်မှာ သူတို့ဆုတ်ခွာသွားတယ်ပေါ့နော်။ အဲလိုပုံစံနဲ့ သိမ်းလိုက်တာ ဖြစ်ပါတယ်။ ကံပိုင်တည်လမ်းဘက်မှာကတော့ ၁၀ ခုလောက် ရှိပါပြီ။ ချီဖွေဘက် မှာတော့ လေး ခုရှိပါပြီ။ အဲဒီပတ်ဝန်းကျင်က ကာကင်းစခန်းတွေ အားလုံးပေါင်း လိုက်ရင်တော့ လမ်းနှစ်ခုရဲ့ လမ်းတကြောမှာဆိုရင် ၁၄ ခုလောက်ရှိပါပြီ” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ဇွန် ၁၁ ရက်မှစ၍ ထိုးစစ်ဆင်ခဲ့ရာ ယင်းနေ့၌ပင် စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သလို ဇွန် ၁၂ ရက်တွင် ဝိုင်းမော်-ကန်ပိုင်တည် လမ်းပိုင်းရှိ တပ်စခန်း ၁၀ ခု၊ ဇွန် ၁၃ – ၁၄ ရက်တွင်လည်း ဝိုင်းမော် – ချီဖွေ လမ်းပိုင်းရှိ ဆနီခူးတပ်စခန်း နှစ်ခု နှင့် ရှငေါ် ပြည်သူ့စစ်စခန်း၊ မန်ဒေါင် နယ်ခြားစောင့်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“တစ်နေ့ကတော့ ဆနီခူးတပ်စခန်း ၂ ခုတို့ကို သိမ်းပိုက်ခဲ့တာ ရှိပါတယ်။ မနေ့ကတော့ မန်ဒေါင်နဲ့ ရှငေါ် တပ်စခန်း ၂ ခုကို သိမ်းပိုက်ခဲ့တာ ရှိပါတယ်။ ချီဖွေလမ်းဘက်မှာတင် အခုလေးခု ရှိပါပြီ” ဟု KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါ တပ်စခန်းသိမ်း၊ ထွက်ပြေးမှု အခြေအနေနှင့် ပတ်သက်၍ သိရှိမေးမြန်းနိုင်ရန် ဦးဇခုန်တိန့်ယိန်း၏ ကချင်အထူးဒေသ (၁) ပန်ဝါဗဟိုဌာနချုပ်ထံသို့ ဧရာဝတီတိုင်းမ် သတင်းဌာနက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခြေအနေကြောင့် ဆက်သွယ်၍ မရှိခဲ့ပေ။

ဦးဇခုန်တိန့်ယိန်း၏ ထုတ်ပြန်ချက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့မှူးများနှင့် ဒေသလက်နက်ကိုင် ပြည်သူ့စစ်များအနေဖြင့် KIA နှင့် PDF ပူးပေါင်းအဖွဲ့များအား ယတိပြတ် ခုခံချေမှုန်းရန်၊ ယင်းတို့ ပြန်ထွက်မသွားရန်နှင့် ရှေ့နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းရန် စစ်မိန့်ပေးသည်ဟု ဖော်ပြထားသည်။

ပုံစာ-ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ၊ ပန်ဝါပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း
ပုံစာ-KIA တပ်ဖွဲ့ဝင်များ
#ဦးဇခုန်တိန့်ယိန်း #နယ်ခြားစောင့်တပ် #ပြည်သူ့စစ်များ #KIA #PDF #ချီဖွေမြို့ #ကံပိုင်တည် #စစ်ကောင်စီတပ်စခန်း၁၄ခု #KIAသိမ်းပိုက် #Ayeyarwaddy_Times