
ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇောလ်မြို့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အမှတ်တရ တေးရုပ်ရှင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မီရမ်ပြည်နယ်အခြေစိုက် Network for Unity Association Mizoram -NUA အဖွဲ့၏ ဦးဆောင်မှုဖြင့် အိုင်ဇောလ်မြို့ Chanmari YMA ခန်းမတွင် ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ငုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့ကိုအကြောင်း ပြု၍ တော်လှန်ရေးသွေးသစ်လောင်းရန်နှင့် ကောင်းမှုများပြုလုပ်ရန်ရည်ရွယ်ပြီး “နေသာတဲ့နေ့”ဆိုသည့် မြန်မာ့နွေဦးတော်လှန်ရေး တေးရုပ်ရှင်ကို ဝင်ကြေးအခမဲ့ဖြင့် ပြသပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုတေးရုပ်ရှင်ပြပွဲတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်နှင့် အခြားဝန်ကြီး၊ လွှတ်တော်အမတ်များလည်း တက်ရောက်လာကြပြီး နွေဥဦးတော်လှန်ရေးအပါအဝင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သက်ဆိုင်သည့် အမှတ်တရစကားများကို ပြောကြားခဲ့ကြသည်။
“မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၂၀၀ နီးပါး တက်ရောက်အားပေးကြတယ်။ ပြီးတော့ ချင်းပြည်နယ် ဝန်ကြီးအဟောင်းတွေကနေ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ခွန်အားရှိမယ့် စကားတွေ၊ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ အမှတ်တရ စကားတွေ ပြောကြတယ်။ မီဇိုရမ်ဒေသခံတွေလည်း လာရောက်အားပေးကြပါတယ်” ဟု ပွဲတက်ရောက်လာသည့် မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် ချင်းအဆိုတော်များဖြစ်ကြသည့် ယောကီးနှင့် Thawng Bawi တို့ကလည်း “ခွန်အားဖြည့်မိငယ်” သီချင်းဖြင့် တက်ရောက် ဂုဏ်ပြုသီဆိုပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တေးရုပ်ရှင်ပြပွဲမှ ရရှိလာသည့် အလှူငွေများကို ပြီးခဲ့သည့် မုန်တိုင်းကြောင့် ဒုက္ခရောက်သွားကြသည့် မီဇိုရမ်ဒေသခံပြည်သူများကို ကူညီထောက်ပံ့သွားမည်ဟု သိရသည်။
#အိုင်ဇောလ်မြို့ #နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် #ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့အမှတ်တရ #ကျင်းပပြုလုပ် #Ayeyarwaddy_Times