
ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် တရားမဝင်အွန်လိုင်းမှ ငွေလိမ်သည့်လုပ်ငန်း လုပ်ကိုင် သည့်ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရ၍ ကျန်ဆက်စပ်သည့် ပျူစောထီးအဖွဲ့ဝင် ၁၀ဦးထက်မနည်းကို စစ်ကောင်စီမှဝရမ်းထုတ် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
မအူပင်မြို့နယ် ရေလဲလမ်း၊ခိုင်မေတ္တာလမ်းထိပ် တင့်တယ်(စတီးလုပ်ငန်း) တည်ထောင် ထားသူ ပျူစောထီးအဖွဲ့ဝင် အသက် (၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးကို ပြီးခဲ့သည့်ဇွန်လ ၇ရက်နေ့က မအူင်ခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကာ ၎င်းနှင့်ဆက်စပ်သူများကို လိုက်လံစုံစမ်းနေကြောင်း မအူပင်ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့်နီးစပ်သည့်ရဲသတင်းအရင်းအမြစ်များထံက သိရသည်။
“ ပြီးခဲ့တဲ့ ၇ရက်နေ့က တင့်တယ်(စတီး) လုပ်ငန်းရှင်ကိုဖမ်းထားတယ်။ အဲ့တာကို ဆက်စပ်ပြီးတော့လိုက်စုံစမ်းတာတွေလုပ်နေတယ်။ အဖမ်းခံရတဲ့သူက အရင်ကတည်းက သတင်းပေးလုပ်တဲ့သူဖြစ်နေတော့ မအူပင်ရဲစခန်းမှာပဲစစ်နေတုန်းပဲ။ မအူပင်မှာက အွန်
လိုင်းက ငွေလိမ်တဲ့သူတွေကို ခလရ(၂၇)နဲ့ စရဖက နေ စီးပွားရေးပုံစံလုပ်နေကြတာ။ အခုက နေပြည်တော်ကနေအမိန့်ပေးလို့ဖမ်းရတဲ့သဘောဖြစ်သွားတာပေါ့”ဟု မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့်နီးစပ်သည့် ရဲသတင်းအရင်းအမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းစုံစမ်းနေမှုအတွင်းအမှတ် (၆)ရပ်ကွက်
အတွင်း နေထိုင်သောလုပ်ငန်းရှင် ပျူစောထီးအဖွဲ့ဝင်( ၁၀) ဦးထက်မနည်းကို အမှုနှင့်ဆက်စပ်နေသည်ဟုဆိုကာ မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ပြီးခဲ့သည့် ဇွန်လ ၁၂ရက်နေ့ကစ၍ဝရမ်းထုတ်၍ လိုက်လံဖမ်းဆီးမှုများပြုလုပ်နေကြောင်းသိရသည်။
ထိုသို့ ဝရမ်းထုတ်လိုက်လံဖမ်းဆီးနေမှုကြောင့် လုပ်ငန်းရှင်ပျူစောထီးအများစုသည် ဇွန်လ၁၃ရက် နေ့ကစပြီး ရပ်ကွက်အတွင်းမှထွက်ပြေးတိမ်းရှောင် ကာ နေအိမ်များကိုပွဲစားအပ်၍ရောင်းချနေကြောင်းမြို့ခံများကပြောဆိုသည်။
“ ကျားဖြန့်နဲ့ဆက်စပ်လို့လားမပြောတတ်ဘူး။ အခုရပ်ကွက်ထဲကဒလန်တွေရော ပျူတွေရောမိသားစုလိုက် အကုန်ပြောင်းပြေးကုန်တယ်။ အိမ်တွေပါပွဲစားအပ်ပြီးလိုက်ရောင်းကြတာ။အခုရပ်ကွက်ထဲမှာပျူဒလန်တွေသိပ်ပြီးမလှုပ်ရဲဘူးဖြစ်နေတယ်။ သိပ်မတွေ့ရသလောက်ဖြစ်နေတယ်”ဟုမအူပင် မြို့ခံတစ်ဦးကဆိုသည်။
အဆိုပါ ပျူစောထီးလုပ်ငန်းရှင်ကို ဖမ်းဆီးပြီးနောက် ဇွန်လ (၁၂)ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်များသည် ရပ်ကွက်များအတွင်းသို့ညစဉ်ဧည့်စာရင်းစစ်ဆေးကာာ ဖမ်းဝရမ်းထုတ်ထားသူများကို လိုက်လံရှာဖွေနေကြောင်းလည်း မြို့ခံများထံကသိရသည်။
#မအူပင် #အွန်လိုင်းငွေလိမ် #ပျူစောထီးတစ်ဦးဖမ်းဆီးပြီး #ပျူစောထီးအဖွဲ့ဝင်၁၀ဦး #စစ်ကောင်စီဖမ်းဝရမ်းထုတ် #Ayeyarwaddy_Times