
ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်
စစ်ကောင်စီက VPN အသုံးပြု၍ Facebook သုံးနေခြင်းကို စာထုတ်တားမြစ်ထားခြင်းမရှိသေးဘဲ မြို့ နယ်များရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များနှင့် ကင်းလှည့်စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများ၏ ဖုန်းများကို စစ်ဆေးပြီး ငွေညှစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
မကြာသေးမီအချိန်က လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Facebook နှင့် မက်စင်ဂျာအသုံးပြုရာတွင် ကြားခံ VPN Application မပါဘဲ သုံး၍မရတော့အောင် စစ်ကောင်စီက တရုတ် ကုမ္ပဏီများနှင့် Grate Fire Wall အဖြစ် Facebook အသုံးပြုခွင့်မရစေရန် လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
ထို့အပြင် လူသုံးများသည့် နာမည်ကြီး VPN အချို့ကို ပါ စစ်ကောင်စီက ပိတ်ချလိုက်ပြီး ငွေကြေးဖြင့် ဝယ်ယူရသည့် VPN နှင့် လူသုံးနည်းသည့် VPN အချို့ဖြင့် သာ ချိတ်ဆက်၍ အင်တာနက်အသုံးပြုခွင့်ရရှိကြောင်း သိရသည်။
ထို့နောက် VPN အသုံးပြုလျှင် ထောင်ဒဏ်နှင့် ငွေဒဏ် များချမှတ်ခံရမည်ဆိုသည့် သတင်းများကို စစ်တပ်ထောက်ခံသူများက Facebook နှင့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေခဲ့ကြသည်။
ယမန်နေ့ ဇွန် ၁၂ ရက်နေ့က သန်လျင်မြို့နယ်၊ ပဲခူးမြစ်ကူး တံတား အမှတ် ၃ အဆင်း၊ စစ်တပ်အထိုင်ချထားသည့် စစ်ဆေးရေးဂိတ်တွင် အိမ်စီးကားများကို တားဆီး၍ ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ စစ်ဆေးသည့်အပြင် ဖုန်းအတွင်း VPN ချိတ် ဆက်ထားခြင်းရှိ၊ မရှိကိုပါ စစ်ဆေးပြီး ငွေညှစ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“မနေ့က ကားကိုတားစစ်တယ်။ စာရွက်စာတမ်းအစုံ ပါနေတော့ ဖုန်းကိုတောင်းတယ်။ ပြီးတော့ VPN ကို တွေ့သွားပြီး အဲဒါချိတ်ထားရင် ထောင် သုံးနှစ်နဲ့ ငွေ ခြောက်သိန်းပေးဆောင်ရမယ်ဆိုတာ မသိဘူးလားဆိုပြီး သူတို့အရာရှိကို ဖုန်းဆက်ခေါ်တယ်။ ကျွန်မတို့ကိုလည်း ကားပေါ်ကဆင်းခိုင်းပြီး ထိုင်စောင့်ခိုင်းထားတယ်။ အရာရှိရောက်လာတော့ သူ့ငယ်သားတွေကို မင်းတို့လည်းသုံးတာပဲ၊ မရစ်ပါနဲ့ပြန်လွှတ်လိုက်၊ တရားဝင်စာထုတ်ထားတာလည်းမရှိဘူး ပြောပြီး ပြန်လွှတ်ပေးလိုက်တယ်။ အဲဒါကိုဖုန်းဆက်တဲ့တပ်သားက ဒီမှာလမ်းကြောင်းအကြီးကြီးခင်းထားရတာကို ဆရာကလုပ်ပြီဆိုပြီးပြောတယ်”ဟု သန်လျင်မြို့ခံ အမျိုး သမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ရန်ကုန်တိုင်း သန်လျင်မြို့နယ်အပြင် မန္တလေးမြို့အတွင်း၌လည်း လှည့်လည်နေ သည့် စစ်ကောင်စီအဖွဲ့များက လူငယ်များ၏ ဖုန်းများကို စစ်ဆေးနေပြီး VPN တွေ့ရှိပါက ငွေတောင်းခံခြင်းနှင့် ဒူးထောက်အပြစ်ပေးခြင်းများကို ပြုလုပ်နေသည် ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက ပြည်သူများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာ ဖြစ်သည့် Facebook နှင့် မက်စင်ဂျာကိုအသုံးပြုပြီး သတင်းများဖြန့်ဝေနေမှုနှင့် တော်လှန်ရေးတပ်ဖွဲ့များထံချိတ်ဆက်ပြီး ငွေကြေးကူညီနေမှုများကိုပါ ပိတ်ရန် ရည်ရွယ်၍ လုပ်ဆောင်နေခြင်းဖြစ်သည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် VPN နှင့်ချိတ်ဆက်၍ လူမှု ကွန်ရက်ကို အသုံးပြုပါက ထောင်သုံးနှစ်ဖြစ်စေ၊ ငွေ ဒဏ် သိန်း ၅၀ ထက်မပိုသော ဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်ဆိုသော ဥပဒေမူ ကြမ်းကို ရေးဆွဲထုတ်ပြန်ထားသည်။
#စစ်ကောင်စီ #အင်တာနက် #VPN #စစ်ဆေး #ခြိမ်းခြောက်ငွေညှစ် #Ayeyarwaddy_Times