
ဧရာ၀တီတိုင်းမ်
ဇွန်လ ၁၄ ရက်
မြန်မာလက်ဝှေ့ကျော် မိုးထက်အောင်ဟာ ဒီကနေ့ည ၇ နာရီမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ONE Friday Night ပြိုင်ပွဲမှာ ဂျပန်ဝါရင့် ကစ်ဘောက်ဆင်ဖိုက်တာ ယာမာဂီရှီနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
မိုးထက်အောင်ဟာ ပြီးခဲ့တဲ့ဧပြီလတုန်းက ဂျပန်ဖိုက်တာ မာရူယာမာကို အလဲထိုးနဲ့အနိုင်ရခဲ့ပြီးနောက် ၂ လ အကြာမှာ ONE Championship က ဒုတိယမြောက်ပွဲစဉ်အဖြစ် ဂျပန်ဝါရင့် ကစ်ဘောက်ဆစ်ဖိုက်တနဲ့ ပွဲတည်ပေးခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ဖိုက်တာ ယာမာဂီရှီဟာ ကစားသမားဘ၀ ၃၆ ပွဲထိုး၊ ၂၂ နိုင်၊ ၁ ပွဲသရေ၊ ၁၃ ပွဲရှုံးရလာဒ်ကို ပိုင်ဆိုင်ထားပြီး နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားတဲ့ဖိုက်တာ ဖြစ်ပါတယ်။ ကစ်ဘောက်ဆင်လောကကမှာ ပွဲပေါင်းများစွာ ထိုးသတ်ခဲ့သူဖြစ်ပြီး ဘယ်ညာလက်သီးတွဲလုံးတွေ အဓိကသုံးပြီးထိုးသတ်တတ်သူ ဖြစ်ပါတယ်။
မြန်မာဖိုက်တာ မိုးထက်အောင်ကလည်း လက်သီးပါဝါအားကောင်းပြီး မာဂုဏ်မြင့်မားတဲ့ဖိုက်တာ ဖြစ်တာကြောင့် မိုးထက်အောင်နဲ့ ယာမာဂီရှီပွဲစဉ်ဟာ လက်သီးချင်းယှဉ်ထိုးကြမယ့် ကြည့်ကောင်းမယ့် ပွဲစဉ်တပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။
ယာမာဂီရှီဟာ မိုးထက်အောင်ထက် အရပ်မြင့်ပြီး လက်သီးပါဝါကို အဓိကထားသူမို့ မိုးထက်အောင်အနေနဲ့ ယခင်အနိုင်ရခဲ့တဲ့ဖိုက်တာ မာရူယာမာထက် ပိုမိုခက်ခဲစွာ ယှဉ်ပြိုင်ရနိုင်ချေရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က မြန်မာ့လက်ဝှေ့ချန်ပီယံ သွေးသစ်ဝင်းလှိုင်ဟာ ထိုင်းဖိုက်တာ ခွန်ဆက်ကို အမှတ်နဲ့ ရှုံးနိမ့်ခ့်ပြီး ONE Friday Night ပြိုင်ပွဲမှာ ပထမဆုံးရှုံးခဲ့တဲ့မြန်မာဖိုက်တာအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အကယ်၍ မိုးထက်အောင်သာ ယာမာဂီရှီကို နိုင်ခဲ့မယ်ဆိုရင် ONE Friday Night မှာ မြန်မာဖိုက်တာတွေရဲ့ ရှုံးပွဲကို ရပ်တန့်နိုင်မှာဖြစ်ပြီး ရှုံးခဲ့ရင်တော့ ၂ ပွဲဆက် ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
မိုးထက်အောင်ကတော့ ဂျပန်ကစ်ဘောက်ဆင်ဖိုက်တာကို ရင်ဆိုင်ဖို့အတွက် သေချာလေ့ကျင့်ပြင်ဆင်ထားပြီး အကောင်းဆုံး ထိုးသတ်သွားမယ်လို့ မြန်မာမီဒီယာတချို့ကို ဖြေကြားထားပါတယ်။
ဓာတ်ပုံ – ONE Championship
#Ayeyarwaddy_Times #မိုးထက်အောင် #လက်ဝှေ့ #မွေ့ထိုင်း