ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်

မလေးရှားနိုင်ငံ၊ ဆာရန်ဘန်းမြို့ရှိ ချင်းဒုက္ခသည် စာသင်ကျောင်းကို မလေးရှား အာဏာပိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့မှ ဝင်ရောက်စီးနင်းပြီး ကျောင်းဆရာ/မအပါဝင် ငါးဦးဖမ်းဆီးခံရကြောင်း ချင်းဒုက္ခသည် မဟာမိတ်အဖွဲ့ (ACR) တာဝန်ရှိသူထံက သိရှိရသည်။

ဆလန်ပန်းမြို့ လိုပတ်ရပ်ကွက်ရှိ ချင်းဒုက္ခသည် MCA စာသင်ကျောင်းကို ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်တွင် မလေးရှား အာဏာပိုင် လဝကအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။

“ကျောင်းက ကလေးတွေကို ဖမ်းဆီးစစ်ဆေးတာ မရှိပေမယ့် ကျောင်းဆရာ/မ သုံးဦးနဲ့ ကျောင်းက ထမင်းချက်တဲ့ မိခင်နဲ့ကလေး စုစုပေါင်း ငါးဦးကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ သူတို့မှာလည်း အထောက်ထားမရှိတာကြောင့် ဖမ်းသွားတာဖြစ်ပါတယ်” ဟု ချင်းဒုက္ခသည် မဟာမိတ်အဖွဲ့ (ACR) တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကျောင်းသည် UN ၏ အကူအညီဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသည့် ကျောင်းဆရာ/မအပါဝင် ငါးဦးကို လိန်းကိန်းကန့်( လဝက)ထိမ်းသိမ်းရေး စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

MCA စာသင်ကျောင်းကို ယခင်ကလည်း မလေးရှား အာဏာပိုင် လဝကနှင့် ရဲတပ်ဖွဲ့တို့က ဝင်ရောက်စစ်ဆေးမှုများရှိခဲ့သော်လည်း ယခုလို ဖမ်းဆီးထိန်းသိမ်းခံရခြင်းမရှိကြောင်း ကျောင်းနှင့် နီးစပ်သူထံက သိရှိရသည်။

“အရင်ကလည်း အခုလိုဘဲ မကြာခဏ လဝကနဲ့ ရဲတွေ လာရောက်စစ်ဆေးမှုတွေရှိတယ်။ အဲ့တုန်းက ကျောင်းက လူတွေ ဖမ်းဆီးခံရတာတွေ မရှိခဲ့ဘူး။ စာသင်ကျောင်းက ဘုရားကျောင်းနဲ့တွဲပြီး ကလေးတွေကို UN အကူညီနဲ့ စာသင်ပေးကြတာပါ။ မနေ့က လဝကနဲ့ ရဲတွေက စစ်ဆေးတာက တရားခံတွေကို လာဖမ်းသလို အော်ဟစ်ဆဲဆို လာစစ်ဆေးပြီး ဖမ်းဆီးသွားတာပါ။”ဟု ကျောင်းနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသည့် ကျောင်းဆရာ/မများသည်ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဟားခါးမြို့တို့မှ ဖြစ်ပြီး လက်ရှိအချိန်ထိ ၎င်းတို့ကို ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရှိရသည်။

ပုံစာ- မလေးရှားရှိ ချင်းဒုက္ခသည် စာသင်ကျောင်း တစ်ကျောင်းတွင် စာသင်ယူနေကြသည့် ကျောင်းသား/သူ များကို တွေ့ရစဥ်။

#မလေးရှား #ချင်းဒုက္ခသည် #စာသင်ကျောင်း #အာဏာပိုင်အဖွဲ့ #ဝင်ရောက်စီးနင်း #ကျောင်းဆရာ/မအပါဝင် #၅ဦးဖမ်းဆီးခံရ
#Ayeyarwaddy_Times