
ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်
ချင်းပြည်နယ်၊ မရာနယ်မြေတွင် MTC/MDF မှ ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီချက်အချို့ကို ချိုးဖောက်သည့်အတွက် ပြန်လည်ပေါင်းစည်းခြင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရပ်တန့် ကြောင်း CDF-Mara၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ အဖွဲ့က ဇွန်လ(၁၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုနှစ်ဖက်ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လိုက်နာရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်များရှိပြီး နံပတ်(၈)အရနှစ်ဦးနှစ်ဖက် ဖမ်းဆီးထားသူများကို လက်မှတ်ရေးထိုးသည့် နေ့မှစ၍ (၁၄)ရက်အတွင်း ပထမခြေလှမ်းအဖြစ် အပြန်အလှန်ယုံကြည်မှုဖြင့် ချွင်းယွင်းချက်မရှိ လွတ်ပေးရန်အချက်ပါသည့်အတိုင်း IMC/CDF-Mara မှ ခေတ္တထိန်းသိမ်းထားသည့် လေးဦးကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့တွင် MTC/MDF မှ ဖမ်းဆီးထိန်းသိမ်းထားသည့် CDF-Mara ဗျူဟာမှူးအပါအဝင် ရဲဘော်လေးဦးသည် ငါးလတိတိ ချုပ်နှောင်ခံရပြီး ရိုက်နှိက်ခြင်း၊ခြိမ်းခြောက်ခြင်း၊ အလုပ်ကြမ်းများ စေခိုင်ခြင်းစသည့် အကြောင်းအမျိုးမျိုးကြောင့် မခံမရပ်နိုင်ဖြစ်ပြီး ၎င်းတို့သည့် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ညတွင် ထွက်ပြေးခဲ့ကြောင်း IMC/CDF-Mara တာဝန်ရှိသူထံက သိရှိရသည်။
“ကျွန်တော်တို့ CDF- Mara ဗျူဟာမှူးအပါအဝင် MDF မှ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေကို ပြန်လွတ်ပေးတာမျိုးမဟုတ်ဘဲ ညဉ့်သန်းခေါင်ယံမှာ ဘေးလွတ်ရာကို ထွက်ပြေးလွတ်မြောက်ကြတာဖြစ်ပါတယ်။ လက်ရှိ MDF မှ ဖမ်းဆီးထားတဲ့ အရပ်သား နှစ်ဦး နဲ့ CDF-Mara ရဲဘော် တစ်ဦး ပေါင်း သုံးဦး လွှတ်ပေးဖို့ သဘောတူထားပေမယ့် လုံးဝ မလွတ်ချင်တော့ပဲ ဆက်လက်ထိန်းသိမ်းပြီး ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို MDF မှစတင်ဖောက်ဖျက်တာဖြစ်ပါတယ်။” ဟု IMC/CDF-Mara တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
MTC/MDF မှ ထိန်းသိမ်းထားသည့် အရပ်သား နှစ်ဦးနှင့် CDF-Mara ရဲဘော် တစ်ဦးတို့ကိုငြိမ်းချမ်းရေးစာချုပ်ပါအတိုင်း လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း MTC/MDF မှ လုံးဝ ငြင်းပယ်ခဲ့သောကြောင့် ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှေ့ဆက်မတိုးဘဲရပ်တန့်နေရခြင်းဖြစ်ကြောင်းဆိုသည်။
ဖမ်းဆီးထိန်းသိမ်းခံရစဥ် CDF-Mara ဗျူဟာမှူးအပါဝင် ရဲဘော်များကို ခြိမ်းခြောက်ရိုက်နှက်ခြင်းမရှိကြောင်းနှင့် လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်သည့် CDF-Mara ရဲဘော် တစ်ဦးသည် မိမိဆန္ဒအလျောက် MDF တပ်ဖွဲ့ထံ အခြေခံစစ်ပညာသင်တန်း တက်ရောက်ပြီးမြောက်သွားပြီး MDF တပ်ဖွဲ့ထံ တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း MDF တာဝန်ရှိသူထံက သိရှိရသည်။
“ကျွန်တော်တို့ CDF-Mara ရဲဘော်တွေကို ရိုက်နှက်နှိပ်စက်တာမျိုး မလုပ်သလို အလုပ်ကြမ်းလုပ်ခိုင်းတာလည်း မရှိဘူး။ ကျွန်တော်တို့ ရဲဘော်တွေနဲ့တန်းတူ အလုပ်လုပ်ခိုင်းတာတော့ရှိတယ်။ အခု ဖမ်းဆီးထားတဲ့ CDF-Mara ဗျူဟာမှူးအပါဝင် ရဲဘော်တွေကို လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ဆီ CDF-Mara ရဲဘော်တစ်ယောက် ကျန်ရှိတာက သူဟာ မိမိဆန္ဒအလျောက် MDF ဆီ စစ်ပညာသင်တန်းတက်ရောက်ပြီး သင်တန်းလည်း ဆင်းပြီးပြီဖြစ်တဲ့အတွက် သူဟာ ကျွန်တော်တို့ ရဲဘော်ဖြစ်သွားပါပြီ။ CDF-Mara ဆီ ပြန်လွှတ်ပေးလို့ မရတော့ဘူး။”ဟု MDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နှစ်ဖက် ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီချက်သည် မရာဧဝံဂေလိအသင်းတော် ဘာသာရေးခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းဆောင်ရွက်သည့်အတွက် IMC/CDF-Mara တစ်ဖွဲ့တည်းဖြင့် ရပ်တန့်၍ မရကြောင်း ၎င်းကဆိုသည်။
မရာဧဝံဂေလိအသင်းတော်၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ မေလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆိုင်းဟားခရိုင်၊ ဇောင်လင်းကျေးရွာတွင် (၂)ရက်ကြာ IMC/CDF-Mara နှင့် MTC/MDFတို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဖွဲ့အကြား ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေးတို့အတွက် သဘောတူညီချက်(၇)ချက်ဖြင့် နှစ်ဖွဲ့ကြား လိုက်နာရန်နှင့် ဆက်လက်ဆောင်ရွက်ရန် သဘောတူညီချက်(၈)ချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။
#မရာမျိုးနွယ်စု #လက်နက်ကိုင်နှစ်ဖွဲ့အကြား #ငြိမ်းချမ်းရေးနှင့် #ပူးပေါင်းဆောင်ရွက်ရေး #သဘောတူညီချက် #ရပ်တန့်ကြောင်းထုတ်ပြန်
#Ayeyarwaddy_Times