
ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်ရေးပြင်ဆင်နေသည့် စစ်ကောင်စီသည် ၎င်းတို့၏ စစ်စခန်းများမှနေ၍ လက်နက်ကြီး များဖြင့်ပစ်ခတ်နေကြောင်း သိရသည်။
စစ်ကောင်စီသည် တောင်ကုတ်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့နှင့် ၁၁ ရက်နေ့များတွင် နံနက် ၃ နာရီဝန်းကျင်မှစတင်၍ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“၁၁ ရက် မနက်အစောကြီး ၃ နာရီလောက်ကတည်း က လက်နက်ကြီးတွေနဲ့ပစ်တာ။ အကြိမ် ၂၀ လောက်ရှိတယ်။ လေယာဉ်တွေပါ ပါလာတဲ့အတွက် မြို့ထဲမှာ အတော်အထိတ်တလန့် ဖြစ်သွားကြတယ်။ လက်နက်ကြီးပစ်တဲ့အချိန် မီးတွေလည်း ဖြတ်ထားတယ်”ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဇွန် ၁၂ ရက်နေ့ကလည်း သံတွဲမြို့မှ တောင်ကုတ်မြို့ဘက်သို့အထွက် အစိုးရဝန်ထမ်း အိမ်ရာဝင်းအတွင်းတွင် အမြောက်တစ်လက်ကို စစ်ကောင်စီက လာရောက်အထိုင်ချသွားကြောင်း သိရသည်။
သံတွဲမြို့ ဘားတောင်းတောင်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်အတွင်းမှ အမြောက်ကို တောင်ကုတ်မြို့အထွက် အစိုးရအိမ်ရာဝင်းအတွင်း နေရာချထားခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ ညပိုင်းက တောင်ကုတ်မြို့နှင့် ၈ မိုင်အကွာတွင်ရှိသည့် ရွှေကွမ်းစမ်းတံတား ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားသည် တောင်ကုတ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများကို သွားလာ ရေးအတွက် အရေး ပါသည့်တံတားတစ်စင်းဖြစ်ပြီး စစ်ကောင်စီက တောင်ကုတ်မြို့ကို ပိတ်ဆို့ရန်အတွက် တံတားကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“မြို့ပေါ်မှာ အမြောက်တွေလာထားတယ်။ လက်နက် ကြီးတွေနဲ့လည်းပစ်တော့ တခြားနယ်ဘက်ကိုပြောင်းဖို့ကို စစ်ကောင်စီက ထွက်ခွင့်မပေးဘူး။ လမ်းတွေ အကုန်လုံးကိုလည်း ပိတ်ချထားတယ်။ ဖုန်းလိုင်းတွေကိုလည်း ဖြတ်ချထားတာ။ ဒီနေ့မှာ တယ်လီနောနဲ့ ဆက်သွယ်လို့ပြန်ရတယ်။ ကျန်တဲ့ ကတ်တွေအကုန် လုံးပိတ်ခံထားရတယ်”ဟု အဆိုပါ ဒေသခံအမျိုးသမီးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက အင်တာနက်လိုင်းများကို ဖြတ်တောက်၍ ဖွင့်ပေးချင် သည့်အချိန်မှဖွင့်ပေးကာ ပြည်သူများကိုလည်း မြို့ထဲတွင် ဓားစာခံအဖြစ် ထားသည့် သဘောမျိုးသက်ရောက်နေပြီး မြို့အပြင်သို့ လုံးဝထွက်ခွင့်မပေးကြောင်း သိရသည်။
#ရခိုင် #တောင်ကုတ် #စစ်ကောင်စီ #စစ်ပြင်ဆင် #လက်နက်ကြီးပစ်ခတ် #Ayeyarwaddy_Times