
နိုင်မင်းလွင်/ဧရာဝတီတိုင်မ်း
ဇွန် ၁၄ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့က နေအိမ်မီးရှို့မည်ဟု ခြိမ်းခြောက်၍ ဖမ်းဆီးထားသော ဒေသခံပြည်သူ ၅၉ ဦးကို လက်ရှိအချိန်ထိ မပြန်လွှတ်သေးသည့်အတွက် လွန်စွာစိုးရိမ်မိကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)က ပြောကြားသည်။
စစ်ကောင်စီတပ် နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့သည် ဆီဆိုင်တိုက်ပွဲကြောင့် တောတောင်ထဲတွင် စစ်ရှောင်နေသော ဒေသခံ ပြည်သူများ ပြန်မလာပါက နေအိမ်များ မီးရှို့မည်ဟု ခြိမ်းခြောက် အကျပ်ကိုင်ခဲ့ပြီး ပြန်လာသည့် ထီဗွာ(ရေဖြူ)ကျေးရွာ ဒေသခံ ၅၉ ဦးကို ပြီးခဲ့သည့် ဇွန် ၁၀ ရက်နေ့က ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ် သွားမှာကို ကျွန်တော်တို့က အစိုးရိမ်ဆုံး ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလို စိုးရိမ်သလဲဆိုရင် စစ်ကောင်စီက တစ်နိုင်ငံလုံးမှာရှိတဲ့ ဒေသခံပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ခဏခဏ ကျုးလွန်နေလို့ပါ” ဟု PNLO/PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါထီဗွာ(ရေဖြူ) ကျေးရွာသည် အိမ်ခြေ ၄၀၀ နီးပါး၊ လူဦးရေ ၂၀၀၀ ကျော်ရှိပြီး နေအိမ်ပြန်လာသော ဒေသခံ ၅၉ ဦးကိုလည်း စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ကျေးရွာခန်းမတွင်း ဓားစာခံအဖြစ် လက်ရှိအချိန်ထိ ဖမ်းဆီး ထားဆဲဖြစ်ကြောင်း သိရသည်။
ထိုဖမ်းဆီးခံရသူများအနက် ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ပြီး အသက် ၄၀ နှစ်နှင့်အထက် ဒေသခံ အများစုပါဝင်ကာ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်သည် ဆီဆိုင်မြို့အတွင်းရှိ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်၊ ပြန်ပေးဆွဲ ငွေညစ်ခြင်းများ မကြာခဏ ကျူးလွန်နေကြောင်း PNLO/PNLA ထံက သိရသည်။
“ဒီလိုမျိုး လက်နက်အားကိုးပြီး ဒေသခံပြည်သူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးတာတွေ၊ နှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေက စစ်တပ်ရဲ့ လုပ်ရပ်မဟုတ် တော့ဘူး။ ဒါမျိုးတွေလုပ်တာက အကြမ်းဖက်သမားတွေပဲ လုပ်နေတဲ့လုပ်ရပ် ဖြစ်ပါတယ်” ဟု PNLO/PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဆိုသည်။
စစ်ကောင်စီကမူ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုကြောင့် ယခုအခါ ဒေသခံများ ပြန်လည်နေထိုင် လျက်ရှိပြီး ဖမ်းဆီးထားခြင်းမျိုးမရှိသည့်ပုံစံဖြင့် ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများ မှတဆင့် ငြင်းဆိုထားသည်။
ဆီဆိုင်မြို့အပါအဝင် ရှမ်းတောင်တိုက်ပွဲ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှ ဇွန် ၈ ရက်အထိ ရက်ပေါင်း ၁၄၀ အတွင်း ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၈၀ နီးပါး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ကလည်း ထုတ်ပြန်ထားသည်။
အလားတူ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်သည် မေလမှ ယခုဇွန် ၃ ရက်အထိ ဒေသခံပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲငွေညှစ်ခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းတို့ကို (၉) ကြိမ် ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် ဇွန် ၂ ရက်ကလည်း ဆီဆိုင်မြို့၊ ကယန်းလေးရွာမှ ဒေသခံ တစ်ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျေးရွာများအတွင်း စစ်ကြောင်းထိုးကာ ပစ္စည်းများကို ခိုးယူသယ်ဆောင်၍ ကျေးရွာများကို ဖျက်ဆီးနေပြီး ယင်းစစ်ကြောင်း ထိုးလာခြင်းကြောင့် မေလအတွင်း ဆီဆိုင်မြို့ရှိ ကောင်ဝိန်းကြီး၊ နောင်ကျော၊ နောင်ရင်း၊ ထီဗွာ(ရေဖြူ)၊ ကန်တော်လေး စသည့်ကျေးရွာ ၂၀ ကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
#စစ်ကောင်စီ #နေအိမ်မီးရှို့ #ခြိမ်းခြောက်ဖမ်းဆီး #ဒေသခံ၅၉ဦး #စိုးရိမ် #PNLA #Ayeyarwaddy_Times