
ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်
ချင်းပြည်နယ်၊ မတူပီမြို့ရှိ ရဲစခန်း အပါဝင် တပ်စခန်းငယ်များအားလုံးကို တိုက်ခိုက် သိမ်းပိုက်ရရှိထားပြီး ကျန်ရှိသည့် တပ်ရင်း နှစ်ရင်းနှင့် ဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ချင်းညီနောင်ပြန်ကြားရေးတာဝန်ရှိသူထံက သိရှိရသည်။
ချင်းညီနောင်စစ်ဆင်ရေးဖြင့် မတူပီမြို့သိမ်း တိုက်ပွဲကို ဇွန်လ ၉ ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီ၏ ရဲစခန်းအပါဝင် တပ်စခန်းငယ်များအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ကျန်ရှိသည့် ခလရ (၁၄၀)တပ်ရင်း၊ ခမရ (၂၀၄) တပ်ရင်းနှင့် စစ်ဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
“ရဲစခန်းအပါဝင် မြို့တွင်းက တပ်စခန်းငယ်အားလုံးကို သိမ်းပိုက်ရရှိထားပါတယ်။ စစ်ကောင်စီက မြို့မကျစေရေးအတွက် လေကြောင်းကနေ တိုက်ခိုက်တဲ့အပြင် တပ်အင်အားလည်း ဖြည့်ထားပါတယ်။ နှစ်ဖက်အကျဆုံး ထိခိုက်မှုတော့ ရှိပါတယ်။”ဟု ချင်းညီနောင်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတိတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် မတူပီမြို့ မကျစေရေးအတွက် လေကြောင်းမှ အဆက်မပြတ် ပစ်ကူပေးသည့်အပြင် တပ်အင်အားလည်းဖြည့်တင်းပြီး အရပ်သားများနေထိုင်သည့် မြို့အနီးနားဝန်းကျင်ရှိ ကျေးရွာများကိုလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သားထိခိုက်မှုမရှိသော်လည်း နေအိမ်အချို့ ပျက်စီးသွားကြောင်း သိရှိရသည်။
မတူပီမြို့ သိမ်းပိုက်ရရှိရေးအတွက် ကျန်ရှိသည့် စစ်ကောင်စီ၏ ခလရ (၁၄၀) တပ်ရင်း၊ ခမရ (၂၀၄) တပ်ရင်းနှင့် စစ်ဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ကျန်သေးတဲ့ တပ်ရင်းအားလုံးကိုလည်း သိမ်းပိုက်ဖို့ လုပ်ဆောင်နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ကို တတ်နိုင်တဲ့ဖက်က ပံ့ပိုးဖို့ ကူညီပေးဖို့ တိုက်တွန်းချင်ပါတယ်။”ဟု ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့သိမ်း တိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးဖြင့် ချင်းညီနောင်အဖွဲ့အပြင် Yaw Army နှင့် အခြား မဟာမိတ်အဖွဲ့လည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရှိရသည်။
ပုံစာ- စစ်ကောင်စီ လေကြောင်းတိုက်ခိုက်သည့်အတွက် ပျက်စီးသွားသည့် နေအိမ်ကို တွေ့ရစဥ်။
#မတူပီမြို့ #ရဲစခန်း #တပ်စခန်းငယ်များ #သိမ်းပိုက် #တပ်ရင်း၂ရင်း #စစ်ဗျူဟာကုန်း #ထိုးစစ်ဆင်
#Ayeyarwaddy_Times