
ဧရာ၀တီတိုင်းမ်
ဇွန်လ ၁၄ ရက်
မြန်မာလက်ဝှေ့ကျော် မိုးထက်အောင်ဟာ ဒီကနေ့ည ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ONE Friday Night ပြိုင်ပွဲမှာ ဂျပန်ဝါရင့် ကစ်ဘောက်ဆင်ဖိုက်တာ ယာမာဂီရှီနဲ့ အမှတ်နဲ့အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။
မိုးထက်အောင်ဟာ ပြီးခဲ့တဲ့ဧပြီလတုန်းက ဂျပန်ဖိုက်တာ မာရူယာမာကို အလဲထိုးနဲ့အနိုင်ရခဲ့ပြီးနောက် ၂ လ အကြာမှာ ONE Championship ဒုတိယမြောက်ပွဲစဉ်အဖြစ် ဂျပန်ဝါရင့်ဖိုက်တာကို အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ ယာမာဂီရှီနဲ့ မိုးထက်အောင်တို့နှစ်ဦးစလုံး အကြိတ်အနယ်ထိုးသတ်ခဲ့ကြလို့ ပရိတ်သတ်ကို ဖျော်ဖြေမှု ပေးနိုင်ခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး အမှတ်ပေးဒိုင်လူကြီးတွေအနေနဲ့ အနိုင်ရဖိုက်တာကို ရွေးချယ်ရခက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
အမှတ်ပေးဒိုင် ၁ ဦးက ယာမာဂီရှီကို အနိုင်ပေးခဲ့ကာ ကျန်ဒိုင် ၂ ဦးက မိုးထက်အောင်ကို အနိုင်ပေးခဲ့တဲ့အတွက် မြန်မာဖိုက်တာ မိုးထက်အောင် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ယာမာဂီရှီဟာ တပွဲလုံး တိုက်စစ်ဆင်ကစားခဲ့ပြီး မိုးထက်အောင်ကတော့ အမှားစောင့်ပြီး တန်ပြန်တိုက်စစ်ပုံစံနဲ့ ကစားခဲ့ပါတယ်။
ယာမာဂီရှီက မိုးထက်အောင်ကို ဘယ်ညာလက်သီးတွဲလုံးတွေနဲ့ ထိထိမိမိ ထိုးနိုင်ခဲ့သလို မိုးထက်အောင်ကလည်း လက်သီး၊ ခြေကန်ချက်၊ ဒူးတိုက်ချက်တွေနဲ့ ယာမာဂီရှီကို တုန့်ပြန်ခဲ့ပါတယ်။
ပထမအချီမှာ ဂျပန်ဖိုက်တာဟာ လက်သီးတွဲလုံးတွေနဲ့ မိုးထက်အောင်ကို ဒုက္ခပေးခဲ့ပြီး ပွဲကိုလည်း စိုးမိုးထားနိုင်ခဲ့ပါတယ်။ မိုးထက်အောင်အနေနဲ့ မျက်နှာကို လက်သီး ၃ ချက်ဆက်တိုက် အထိုးခံခဲ့ရပေမယ့် လဲကျခြင်း၊ ကစားပုံပျက်ခြင်း မရှိခဲ့ဘဲ အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့ပါတယ်။
ဒုတိယအချီမှာ မိုးထက်အောင်ရဲ့ထိုးနှက်မှုတွေကြောင့် ယာမာဂီရှီ ကစားအားကျပြီး ပြိုဆင်းလာခဲ့ပါတယ်။ အဲ့အခြေအနေကို မိုးထက်အောင်က ဒုတိယအချီနဲ့ တတိယအချီမှာ အခွင့်ကောင်းယူ အသုံးချနိုင်ခဲ့ပါတယ်။
အထူးသဖြင့် တတိယအချီမှာ မိုးထက်အောင်ဟာ လှပတဲ့ ဒူးပျံတိုက်ချက်နဲ့ ခြေကန်ချက်တွေ ပြုလုပ်ပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီအချက်က ယာမာဂီရှီထက် အမှတ်အသာစီးရစေခဲ့ပြီး အမှတ်ပေးဒိုင် ၂ ဦးက မိုးထက်အောင်ကို အနိုင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က သွေးသစ်ဝင်းလှိုင်ဟာ ထိုင်းဖိုက်တာ ခွန်ဆက်ကို အမှတ်နဲ့ ရှုံးနိမ့်ခ့်ပြီး ONE Friday Night ပြိုင်ပွဲမှာ ပထမဆုံးရှုံးခဲ့တဲ့ မြန်မာ့အလွတ်တန်းချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီကနေ့ပွဲစဉ်မှာ မိုးထက်အောင် အနိုင်ရရှိခဲ့တာကြောင့် ONE Friday Night မှာ မြန်မာဖိုက်တာတွေရဲ့ ရှုံးပွဲကို ရပ်တန့်နိုင်ခဲ့ပါတယ်။
ဓာတ်ပုံ – ONE Championship
#Ayeyarwaddy_Times #SportNews #မိုးထက်အောင် #လက်ဝှေ့ #မွေ့ထိုင်း