
ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ လေယာဉ်ကွင်းအနီးရှိ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေစဉ်တွင် စစ်ကောင်စီက ကိုယ့်တပ် အချင်းချင်း ဒရုန်းဗုံးမှားကြဲမိ၍ ၁၀ ဦးခန့် သေဆုံး သွားကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၁၃ ရက်နေ့တွင် သံတွဲလေဆိပ်အနီးရှိ တိုက်ပွဲတွင် စစ်ကောင်စီ၏ ခလရ-၅၅ တပ်ရင်းမှ ဒရုန်းတပ်ဖွဲ့ဝင်များ ကိုယ့်တပ်ကိုယ် ဒရုန်းဗုံးမှားကြဲမိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း ရခိုင်သတင်းရင်းမြစ်ထံက သိရသည်။
“သံတွဲတိုက်ပွဲစကတည်းက ဒရုန်းတပ်ဖွဲ့ဝင်တွေနဲ့ ဒရုန်းဗုံးသုံးပြီး စကစ(စစ်ကောင်စီ)က တိုက်ပွဲဖော်ဆောင်နေတာ။ မနေ့က တိုက်ပွဲထဲမှာ ၅၅ တပ်က ဒရုန်းတပ်ဖွဲ့ဝင်တွေ ကိုယ့်အချင်းချင်း မှားကြဲမိပြီး ၁၀ ဦးထက်မနည်းသေတယ်လို့ ကြားထားတယ်။ တိုက်ပွဲကတော့ ဇွန် ၂ ရက် နေ့ကတည်းကနေ အခုချိန်ထိ ဆက်ဖြစ်နေတုန်းပဲ”ဟု ဧရာဝတီတိုင်းမ်၏ သတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂ ရက်နေ့မှစ၍ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်နှင့် မဇင်ရပ်ကွက်တို့တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေဆိပ်ကို ပိတ်ကာ တပ်စွဲ၍ တိုက်ပွဲအတွက်အသုံး ပြုနေကြောင်း သိရသည်။
စစ်ကောင်စီက ယခုဖြစ်ပွားနေသည့် တိုက်ပွဲများတွင် လေကြောင်းနှင့် ဒရုန်းကို အဓိကထား၍ တိုက်ခိုက်နေပြီး ရခိုင်ပြည်နယ်အတွင်းသို့ ဒရုန်း ၄၀၀ နှင့် ဒရုန်းကျွမ်းကျင်အရာရှိများကို ပို့ဆောင်ထားကြောင်း တပ်တွင်းသတင်းရင်းမြစ် များထံက သိရသည်။
သံတွဲလေဆိပ်အနီးတွင် စစ်ကောင်စီ၏ ခမရ- ၅၆၆ တပ်ရင်းတပ်စွဲထားပြီး ဗျူဟာမှူးကိုယ်တိုင် ကွပ်ကဲလျှက်ရှိကာ အာရက္ခတပ်တော် (AA) ကထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
AA သည် တိုက်ပွဲအတွင်းပိတ်မိနေသည့် ဂေါ့နှင့် စပါးကြီးကျေး ရွာမှ ပြည်သူ ၁၀၀၀ ကျော်ကို ယခုရက်ပိုင်းအတွင်း ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ပုံစာ – စစ်ကောင်စီက အသုံးပြုနေသည့် ဗုံးသီး ၈ လုံး သယ်ဆောင်နိုင်ပြီး ၇ နာရီအကြာအသုံးပြုနိုင်သည့် ဒရုန်း
#ရခိုင် #သံတွဲ #ငပလီ #စစ်ကောင်စီ #AAတိုက်ပွဲ #ဒရုန်းဗုံးမှားကြဲ #သေဆုံး #Ayeyarwaddy_Times