ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်

စစ်ကောင်စီအာဏာသိမ်းမှုကြောင့် နိုင်ငံ့ စီးပွားချွတ်ချုံကျနေပြီး အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုပြည်သူများခံစားနေရသည်။ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုညံ့ဖျင်းနေခြင်းကြောင့် ပြည်သူများဒုက္ခမျိုးစုံ ခံစားနေရသည့် အခြေအနေများနှင့် ပတ်သက်ပြီး ပြည်သူ့ရောရာမူ‌ဝါဒပညာရှင်လည်းဖြစ် လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ လဖိုင်မော်ထွန်းအောင်ကို Ayeyarwaddy Time သတင်းဌာနက ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်သည်။

မေး – လက်ရှိမြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာဈေးနဲ့ ရွှေဈေးနှုန်းမြင့်တက်နေပြီး အထွေထွေကုန်ဈေးနှုန်းကြီးမြင့်ဒဏ်ကို ပြည်သူတွေခံစားနေပါတယ်။ ဒီအခြေအနေတွေဟာ နောက်ထပ်ဘယ်လိုဆက်ဖြစ်နိုင်ပါသလဲ။

ဖြေ- လက်ရှိကုန်ဈေးနှုန်းကြီးမြင့်တယ်ဆိုတာက Consumer Price Index (CPI) က မြင့်လာတာ။ အဲဒါက ဘဏ်မှာထုတ်ပြန်ထားတဲ့ဘဏ်တိုးနှုန်းနဲ့လည်းဆိုင်တယ်။ မြန်မာနိုင်ငံလိုမျိုးကျတော့ ဘတ်ဂျက်လိုငွေပြတဲ့နိုင်ငံ ဘတ်ဂျက်လိုငွေနဲ့ တိုင်းပြည်ကိုသွားရတဲ့အခါကျတော့ များသောအားဖြင့် ဘဏ်တိုးနှုန်းကအရင်ကဆိုရင် ၁၀ ရာခိုင်းနှုန်း၊ ၁၂ ရာခိုင်နှုန်းရှိတယ်။ အခုဆိုရင် ၈ ရာခိုင်နှုန်းလောက်ရှိမယ်။ ဆိုလိုတဲ့သဘောက ဘဏ်ထဲမှာ ကျွန်တော်တို့ လူတွေငွေအပ်ချင်လာအောင် ဘဏ်တိုးပြန်ပေးပြီးတော့ ငွေတွေကို ပြန်သိမ်းတယ်ပေါ့။ အဲဒီလိုလုပ်တဲ့အချိန်မှာ အခုမျှခြေပျက်သွားတဲ့သဘောပါ။ အပြင်မှာ ဘတ်ဂျက်လိုငွေပြမှုက အရမ်းများလာတယ် ဘတ်ဂျက်လိုငွေပြမှုကို ငွေကြေးနည်းလမ်းနဲ့ဖြေရှင်းတယ်ပေါ့။ ငွေကို စာချုပ်တွေပုံစံမျိုးနဲ့မဟုတ်ဘဲ နိုင်ငံခြားကအကူညီအထောက်အပံ့နဲ့မဟုတ်ဘဲ ကိုယ့်ရဲ့ငွေစက္ကူရိုက်ထုတ်တဲ့အခါမှာ ငွေစက္ကူရဲ့ တန်ဖိုးကကျသွားတယ်။ ငွေစက္ကူအရေအတွက်များလာတယ် ဈေးကွက်ထဲမှာ ။ အဲဒီကစပြီးတော့ ငွေစက္ကူဈေးတန်ဖိုး ကိုယ့်ရဲ့ကျပ်ငွေတန်ဖိုးကျလာတဲ့အတွက် ဒေါ်လာဈေးနဲ့ ယှဉ်ရင်တဲ့အခါမှာ လွန်ခဲ့တဲ့သုံးနှစ်ထက် သုံးဆကျော်နည်းသွားတယ်။ ဆိုလိုတာက အရင်တုန်းက ကျပ်ငွေ ၁၃၀၀ ကို ဒေါ်လာ ၁၀၀ ရတယ်ဆိုရင် အခုက ကျပ်ငွေ ၄၀၀၀ ကျော်နဲ့ သုံးဆကျော်သုံးမှ ဒေါ်လာ ၁၀၀ရတယ်။ ကိုယ့်ငွေတန်ဖိုးသုံးဆကျော်ကျသွားတဲ့ သဘောမှာ ဒါနဲ့ဆက်စပ်ပြီးရွှေဈေးတက်လာတယ်။ ဒေါ်လာဈေးတက်တယ်။ ရွှေဈေးတက်တယ်ဆိုတာထက် ကျပ်ငွေတန်ဖိုးကျလို့ အဲဒီလိုဖြစ်တာပါ။



မေး – လက်ရှိစစ်ကောင်စီလုပ်နေတဲ့ ဗဟိုဘဏ်ကကျင့်သုံးနေတဲ့ ငွေကြေးပေါ်လစီကဘယ်လိုလုပ်တယ် ထင်ပါသလဲ။

ဖြေ – လက်ရှိကတော့ သူတို့ဗဟိုဘဏ်က မူဝါဒချက်မှတ်သလားဆိုရင် သူတို့လုပ်နေတဲ့ပုံစံအမျိုးမျိူးရှိတယ်။ သွင်းကုန်ကိုကန့်သတ်တာ၊ ပို့ကုန်သမားတွေရဲ့ ဒေါ်လာကို အတင်းဓမ္မဗဟိုဘဏ်နှုန်းနဲ့ လဲပြီးတော့ ဗဟိုဘဏ်ထဲကနေ သူတို့ကော်မတီဆီကနေ သွင်းကုန်သမားတွေကိုပြန်ချပေးတာ။ ဒါက ဈေးကွက်သဘောကို ဝင်ရောက်စွက်ဖက်တာဖြစ်တဲ့အတွက် ဈေးကွက်ရဲ့ ကုန်ကျစရိတ်ကိုပိုများစေတယ်။ နောက်တစ်ခုက သူတို့ကျင့်သုံးနေတာက ငွေစက္ကူရိုက်ထုတ်တယ်။ ဒီနေရာမှာ ပုံမှန်ပမာဏထပ်ပိုပြီးတော့ ရိုက်ထုတ်တဲ့အခါကျတော့ စီးပွားရေးတစ်ခုက ငွေစက္ကူကိုအများကြီးလက်ခံလို့မရဘူး။ သူမှာမျှခြေရှိတယ်။ ဈေးကွက်ထဲမှာ ငွေစက္ကူက လိုတာထက်ပိုလာတဲ့အခါ ဈေးကွက်ကသိတယ်။ အဲဒီငွေစက္ကူတန်ဖိုးကကျသွားတဲ့ဆိုတဲ့အခါကျတော့ သူတို့က ဒီနည်းနဲ့သူတို့ဖြေရှင်းဖို့ကြိုးစားတယ်။ နောက်တစ်နည်းကတော့ သူတို့က ပြည်ပရောက်အလုပ်သမားတွေဆီကနေ အိမ်ပြန်ပို့ငွေတွေကို ဗဟိုဘဏ်နှုန်းထားနဲ့ လဲဖို့ ဗဟိုဘဏ်ကနေသိမ်းဖို့ အဲဒီလိုမျိုးပုံစံလုပ်နေတယ်။ ဒါတွေက လက်ရှိအဲဒီမူဝါဒတွေနဲ့သွားနေတယ်။ ပို့ကုန်/ သွင်းကုန်ထိန်းချုပ်တယ်။ ငွေကြေးကို အဆင်အခြင်မရှိရိုက်ထုတ်တယ်။ နောက်ပြည်ပရောက်သူတွေဆီကနေ ပိုက်ဆံရရှိဖို့လုပ်နေတယ်။

မေး- စစ်ကောင်စီက အမေရိကန်ပိတ်ဆို့မှုကြောင့်စီးပွားရေးကျတယ်လို့ပြောလေ့ရှိပါတယ်။ အခု ဒေါ်လာရှားတာက အမေရိကန်ရဲ့ MFTB နဲ့ MICB ဘဏ်တွေကိုဆန်ရှင်လုပ်တဲ့ အကျိုးလား။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေမရှိတာနဲ့ သက်ဆိုင်ပါသလား။

ဖြေ – ကျွန်တော်တို့နိုင်ငံက အရင်ကတည်းကနိုင်ငံခြားရင်းနှီးမြှပ်နှံမှု Foreign Investment ဝင်လာတဲ့အပေါ်မှာလည်းမူတည်တယ်။ ဒေါ်လာတွေ ဗဟိုဘဏ်မှာရှိတဲ့ဒေါ်လာတွေငြိမ်တယ်။ မငြိမ်ဘူးဆိုတာက။ နောက်တစ်ခုက ဆန်ရှင်လုပ်တယ်ဆိုပေမဲ့ တကယ်တည်းကျတော့ သာမာန်ပေါ့ အဲဒီလိုမျိုးကုန်သွယ်ရေးလုပ်နေတာကို ဆန်ရှင်လုပ်တယ်ဆိုတာထက် စစ်ကောင်စီဆီကို အလုံးအရင်းလိုက်ဝင်နေတဲ့ ဘဏ်တွေကိုကိုင်တွယ်တဲ့သဘောပါ။ ဆန်ရှင်ကထိရောက်မှုက ရှိလားဆို ရှိတယ်။ တစ်ကယ်တမ်းက ဒီကိစ္စကျတော့ သူတို့မူဝါဒမမှန်တဲ့ကိစ္စတွေ အာဏာသိမ်းလိုက်တော့ နိုင်ငံရေးပျက်သွားတဲ့အတွက်ကြောင့်မလို့ စီးပွားရေးပါပျက်သွားတဲ့သဘောပါ။ လူတော်တော်များများက အဲဒါကို ဦးစားပေးဖြစ်စဉ်အနေနဲ့မထင်ကြဘူးပေါ့နော်။ တကယ်က အာဏာသိမ်းလိုက်တဲ့အကျိုးဆက်ကြောင့်မလို့ လူတွေက မြန်မာနိုင်ငံစီးပွားရေးကို အယုံအကြည်မရှိတော့ဘူး။ ဒါကြောင့်မလို့ FDI ဝင်ရောက်မှုနည်းသွားတယ်။ နောက်ပြီးတော့ ငွေကြေးမူဝါဒအမှားတွေကြောင့်မလို့ ဒီလိုမျိုးဖြစ်တာ။ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ အနည်းအကျင်းတော့လည်းသက်ဆိုင်မှုရှိတယ်။ ဖွံ့ဖြိုးရေးအစီအစဉ်တွေအားလုံး လူသားချင်းစာနာမှုကလွဲလို့ကျန်တဲ့ဟာတွေရပ်ထားတဲ့သဘောရှိတဲ့အတွက်ကြောင့်မလို့ အနည်းအကျင်းသက်ဆိုင်ပါတယ်။ အဓိကက စစ်အာဏာသိမ်းလို့နဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့်ဖြစ်လာတာပါ။

မေး – စစ်ကောင်စီကကုန်ပစ္စည်းတင်သွင်းမှုတွေကိုထိန်းချုပ်ထားပါတယ်။ လိုင်စင်ချပေးတာမရှိဘူး။ အဲဒီတော့တရားမဝင်လမ်းကြောင်းကနေကုန်တွေဝင်လာပါတယ်။ အဲဒီအခြေအနေက နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်ပါသလဲ

ဖြေ – သူတို့က ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးတယ်။ ဈေးကွက်စီးပွားရေးစနစ်မှာကျတော့ ဝယ်သူရောင်းသူပေါ့။ ဒါကိုအစိုးရကနေဝင်စွက်ဖက်လို့မရဘူး။ သူ့မျှခြေဖြစ်နေတယ်။ သူ့ရဲ့ဈေးနှုန်း။ တစ်ခုရှိတာက နိုင်ငံခြားကုန်သွယ်မှုပေးချေတဲ့အခါမျိုးမှာကျရင် နိုင်ငံခြားငွေနဲ့ပေးချရတာကို ဗဟိုဘဏ်က ထိန်းချုပ်တယ်။ အရင်တုန်းကထိန်းချုပ်တယ်ဆိုပေမဲ့ သူက အခုလိုမျိုးပေါ့နော်ပို့ကုန်သွင်းကုန်သမားတွေကိုစည်းမျဉ်းထုတ်ပြီးတော့ လုပ်တာထက် Money Float လို့ခေါ်တာပေါ့ ဗဟိုဘဏ်က ငွေကြေးရဲ့တန်ဖိုးကို အတိုးအလျော့လုပ်ပေးတယ်။ ပုံမှန်ဆိုရင်တော့ အဲဒီအနေအထားက သူ့ဘာသာသူအဆင်ပြေတယ်။ အခုက အဲဒီစနစ်ကပျက်သွားတဲ့အတွက်ကြောင့် ပို့ကုန်သွင်းကုန်တွေကန့်သတ်ခံရတဲ့အခါမှာ အောက်လမ်းကဝင်လာတဲ့ကိစ္စတွေဖြစ်လာတယ်။ ဒီလိုမျိုးတွေပိုပြီးတော့များလာနိုင်တယ်။ သေချာတာကတော့ အထူးသဖြင့်စားသုံးသူတွေရဲ့ ကျန်းမာရေးကိစ္စရပ်တွေမှာထိခိုက်တာတွေ ပေါ်လာနိုင်တဲ့အနေအထားရှိတယ်။ အရည်အသွေးမပြည့်တဲ့အတွက် ကြာရင်နစ်နာတာက စားသုံးသူပဲဖြစ်ပါတယ်။


မေး- အလုပ်အကိုင်ရှားပါးမှု ဝင်ငွေမလုံလောက်မှု ကုန်ဈေးနှုန်းမြင့်တက်နေတာကို စစ်ကောင်စီကိုင်တွယ်နိုင်မယ်ထင်ပါသလား။

ဖြေ- အလုပ်အကိုင်ရှားပါးမှု အဲဒါတွေက သူတို့ရဲ့ အမှားတွေကြောင့်ဖြစ်လာတယ်။ အခုဆိုရင် လူငယ်တွေဆိုရင် နေလို့မရအောင် ဒီအတင်းဓမ္မစစ်မှုထမ်းတဲ့အစီအစဉ်ကိုအကောင်အထည်ဖော်တယ်။ အဲဒီဟာရဲ့ သက်ရောက်မှုက တော်တော်ကြီးတယ်။ လုပ်သားအင်အားရှားပါးမှုတွေဖြစ်ပေါ်လာတယ်။ လူတွေစိတ်ထဲမှာမလုံခြုံမှုဖြစ်လာတဲ့အခါကျတော့ စီးပွားရေးရဲ့ တည်ငြိမ်မှုတွေပျက်ပြားလာတယ်။ ဒါနဲ့ဆက်စပ်ပြီးတော့ လုပ်သားအင်အားမရှိလာတဲ့အခါမျိုးတွေ နောက်တစ်ခုက ငွေဈေးကျဆင်းမှုတွေကြောင့်စီးပွားရေးကြပ်တည်းလာတယ်။ ပြည်တွင်းကုန်ထုတ်လုပ်ဖို့အတွက် ပိုပြီးတော့ခက်ခဲလာတယ်။ ဒီသုံးနှစ်သူတို့ကိုင်တွယ်နိုင်တဲ့အနေအထားမရှိဘူး။ စစ်ကောင်စီရှိနေသမျှလည်း ဒီပြသနာကလျော့ပါးသွားဖို့မရှိဘူး။ ဒီပြသနာက မူလလ ပထမက ဒီအာဏာသိမ်းမှုကြောင့်ဖြစ်လာပြီး စစ်ကောင်စီကရဲ့ အစကတည်းက စီမံခန့်ခွဲမှုအမှားဖြစ်လာတဲ့အခြေအနေကြောင့်မလို့ အာဏာသိမ်းမှုကိုမဖြေမရှင်းနိုင်ခြင်းမလွယ်သေးဘူးလို့မြင်ပါတယ်။

မေး- အဲဒီစစ်မှုထမ်းဥပဒေကြောင့် လုပ်သ
မားအင်အားပိုရှားလာပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်က ဘယ်လောက်ထိ မြန်မာနိုင်ငံကိုကျဆုံးသွားစေနိုင်သလဲ။

ဖြေ- အာဏသိမ်းလိုက်တဲ့လုပ်ရပ်က တိုင်းပြည်က ၁၀ နှစ်လောက်နောက်ပြန်ဆုတ်သွားတယ်။ GDP အရကြည့်မယ်ဆိုထင်းရှားတယ်။ ဆင်းရဲမွဲတွေမှုဆို UN က ထုတ်ပြန်တဲ့စာရင်းတွေမှာကြည့်ရင် တစ်ဝက်လောက်ကရောက်နေပြီ။ တချို့နေရာတွေမှာ စားနပ်ရိက္ခာမဖူလှုံမှုကိုကြုံတွေ့နေရတယ်။ ဒီစစ်မှုထမ်းဥပဒေကကျတော့ စစ်မှုထမ်းဥပဒေလို့တောင်မပြောသင့်ပါဘူး။ သူတို့လုပ်ချင်တာလုပ်ထားတာ။ ပေါ်တာဆွဲဖို့လုပ်ထားတာပဲ။ စစ်ကောင်စီက တရားဝင်အစိုးရမဟုတ်တဲ့အတွက် ဥပဒေအတိုင်းကျင့်သုံးစရာမရှိဘူး။ လက်ရှိသူတို့လုပ်နေတဲ့ဟာတွေအားလုံးက အခုလက်ရှိကာလတင်မဟုတ်ဘူး နောက်လာမည့် ဆယ်နှစ်၊ ဆယ့်ငါးနှစ်အထိ ဒီဟာကသက်ရောက်မှုတွေရှိလာမယ်လို့မြင်ရတယ်။ လက်ရှိပိုပြီးတော့ လုပ်သားတွေလုပ်နိုင်ကိုင်နိုင်သူအားလုံးထွက်သွားတော့ ပြည်တွင်းမှာလည်ပတ်ရတာပိုပြီးတော့ အကျပ်အတည်းဖြစ်တယ်။ ပြည်တွင်းစီးပွားရေးနလန်ထူးဖို့ တော်တော်လေးခက်ခဲမယ်။

မေး- ဒီအတိုင်းဆိုရင် မြန်မာစီးပွားရေးက ဘယ်လောက်ကျဆုံးနိုင်မလဲ။ Fail State ဖြစ်တော့မလား ငွေကြေးဖောင်းပွမှုအဆမတန်များလာတော့မလား။ အရင်ကြားဖူးတဲ့ ပေါင်မုန့်တစ်လုံးအတွက် ဆာလာအိတ်နဲ့ပိုက်ဆံသယ်ရသလိုမျိုးဖြစ်လာနိုင်မလား။

ဖြေ- မြန်မာနိုင်ငံစီးပွားရေးက ဒီအာဆီယံထဲမှာဆိုရင်အနိမ့်ဆုံးဖြစ်နေပြီ။ အရှေ့တီမောထက်တောင်မှ GDP par capital က တစ်ဦးချင်း GDP က အနိမ့်ဆုံးဖြစ်နေပြီ။ ငွေတန်းဖိုးက အနိမ့်ဆုံးဖြစ်နေပြီဆိုတဲ့အခါကျတော့ပြောရရင်တော့ အခွံ့ကြီးပဲရှိတော့တယ်။ ဟန်ပဲရှိတော့တယ်ပေါ့။ ဒီနောက်ခြောက်လကနေ တစ်နှစ်အတွင်းကိုတော်တော်လေးခက်ခဲမဲ့ကာလလို့မှန်းဆလို့ရတယ်။ Hyper Inflation ပေါ့နော် အဲဒီလိုဆာလာအိတ်နဲ့သယ်ရတာ အဆင့်မျိုးရောက်တယ်၊မရောက်ဘူးဆိုတာက တစ်ထစ်ချတော့ပြောလို့မရသေးဘူး။ လက်ရှိကဂယ်ပေါက်လေးတွေရှိနေတဲ့အခါကျတော့ အဲဒီအနေအထားထိချက်ချင်းရောက်မှာမဟုတ်ဘူး။ အခုထက်ဆိုးဝါးတဲ့ ဒီငွေကြေးကျဆင်းမှုပိုပြီးကျုံ့လာမဲ့အကြောင်းရှိတယ်။ ဒါနောက်ဆက်တွဲက ကျွန်တောတို့ လူနေမှုအဆင့်အတန်းအနိမ့်ကျသွားတာတွေ ကျန်းမာရေးပညာရေးအဆင့်အတန်းအကုန်လုံးတောက်လျှောက်ထိခိုက်ခံစားရမယ်ထင်ပါတယ်။

မေး- စစ်ကောင်စီရဲ့ အသက်ရှုချောင်စေတဲ့ ဂယ်ပေါက်က သယံဇာတတွေထုတ်ယူမှုကနေငွေကြေးရနေတာကို ပြောတာလား။

ဖြေ- အဲဒါအဓိကပဲ အခုထက်ထိ PTTEP ရေနံကနေ ပိုက်ဆံရနေတယ်။ နောက်ပြီးတော့ ရွှေကနေရတယ်။ နောက်ပြီးတော့ နီကယ်ကပိုက်ဆံရတယ်။ တခြား ကျောက်မျက်ရတနာကနေရတာတွေ့ရှိပါတယ်။

ဓာတ်ပုံ-NUG

#စစ်ကောင်စီမူဝါဒလွဲ #စစ်တပ်အာဏာသိမ်း #ကုန်ဈေးနှုန်းတက် #လဖိုင်မော်ထွန်းအောင် #NUG
#ဒုတိယဝန်ကြီး #လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန