
ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်
အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်စမှစတင်ပြီး ဧပြီလအထိ လေးလတာကာလအတွင်း အရပ်သားများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ပေါင်း ၄၆ ကြိမ်ထက်မနည်းလုပ်ဆောင်ခဲ့ပြီး အရပ်သား ၃၆၉ ဦး အထိ သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့အစည်း ၏ အစီရင်ခံစာအရ သိရသည်။
စစ်ကောင်စီသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ရာတွင် အရပ်သားများကို ပစ်မှတ်ထားလုပ်ဆောင်ခြင်းဖြစ်ကာ အများအားဖြင့် လေကြောင်း တိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများဖြင့် သတ်ဖြတ်မှုများကို လုပ်ဆောင်ခြင်းဖြစ်သည်။
လေးလတာ ကာလအတွင်း အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်များတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး သေဆုံးသူ ၁၆၈ ဦးရှိကာ ရခိုင်ပြည်နယ်မှ အရပ်သား ၄၀ ဦးအထိ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီမှ စစ်ကြောင်းထိုးဝင်ရောက်မှုအတွင်း အနီးနားရှိ ကျေးရွာများမှ ဒေသခံများကိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် အနည်းဆုံး ၁၁ ခုထိ ရှိခဲ့ပြီး ထိုသို့သတ်ဖြတ်ခံရမှုကြောင့် အရပ်သား ၉၁ ဦးထိရှိခဲ့သည်။
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် စစ်ကြောင်းဝင်ရောက်သည့် စစ်ကောင်စီတပ်က ဒေသခံ ၁၉ ဦးကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်မှာ အရပ်သားသေဆုံးမှု အများဆုံး ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်များနှင့် သေဆုံးခဲ့သည့် အရပ် သားအရေ အတွက်မှာ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့ အာဏာသိမ်းခဲ့သည့် ၂၀၂၁၊ ဖေဖော်ဝါရီ မှ ၂၀၂၄၊ ဧပြီ အထိ သုံးနှစ်ကျော်ကြာကလအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၂၆၀ ကျော်ပြုလုပ်ခဲ့ပြီး သေဆုံးခဲ့ရသည့် အရပ်သား အရေအတွက်မှာ ၂၄၉၀ ဦးအထိ ရှိကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့အစည်း အစီရင်ခံစာအရ သိရသည်။
ဓာတ်ပုံ – အင်တာနက်
#အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရ #လေးလာတာကာလ #စစ်ကောင်စီ #အရပ်သား #စစ်တပ် #Ayeyarwaddy_Times