
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများပြန်လည်ပြင်းထန်လာနေပြီး စစ်ကော်မရှင်တပ် ဘက်မှ ထိခိုက်သေဆုံးမှုများနေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်နေ့တွင် ကျောက်ဖြူမြို့နယ် ပြင်ရှည်နှင့် ကုလာဘာတွင် အာရက္ခ တပ်တော် (AA)နှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင်အများအပြား သေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီးနောက် အောက်တိုဘာ ၁၉ ရက်တွင် စစ်ကော်မရှင်က တောင်မော်ဦး ရေတပ်၊ ဓညဝတီရေတပ်ဌာနချုပ်နှင့် ခမရ ၅၄၃သို့ စစ်ကူအင်အား ၄၀၀ ခန့်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
”စစ်တပ်ဘက်က စစ်ကြောင်းတွေပြန်ဖြန့်ပြီးတက်လာရာက တိုက်ပွဲတွေပြန်ဖြစ်နေတယ်။ စစ်တပ် အရာရှိပိုင်းတွေ AAစနိုက်ဘာကြောင့် သေတာများတယ်။ သူတို့အလောင်းတွေကို နေဗီနဲ့ သစ်ပုတ် တောင် ဘက်သယ်ကြတယ်” ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကျောက်ဖြူမြို့တွင်းပိုင်းကို အပြည့်အဝထိန်းချုပ်ထားသည့် စစ်ကော်မရှင်က AAနှင့်ထိတွေ့တိုက်ပွဲများ ရှိနေသည့် ပြင်ရှည်၊ ကုလာဘာ၊ လိပ်ခမော်စသည့်ကျေးရွာများဘက်ကိုပါ စစ်ကြောင်းထိုးလာရာ တိုက်ပွဲများပြန်လည်ပြင်းထန်လာခြင်း ဖြစ်သည်။
AA သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျောက်ဖြူ- ရန်ကုန်လမ်းရှိ အမှတ် ၃၂ရဲတပ်ရင်းကို ဒရုန်းဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများကြောင်း သတင်း ရင်းမြစ်များထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင် သုံးမြို့နယ်တွင်သာ ရှိနေသည့် စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ရန် ကျောက်ဖြူတိုက်ပွဲကို ထိန်းချုပ်လိုနေပြီး စစ်ကော်မရှင်တပ်ထိုးစစ်များ နေရာအနှံ့ ဖြန့်ပြီး တက်လာရာ AA၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အစုလိုက် အပြုံလိုက် သေဆုံးနေရကြောင်း သိရသည်။
ပုံစာ-စစ်ကော်မရှင်ရေတပ်ကိုတွေ့ရစဉ်(ပုံဟောင်း)