နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

 

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် ပိတ်ပင်ခံထားရသော အာဆီယံထိပ်သီးအစည်းအဝေးကို ပြန်လည်တက်ရောက်ခွင့်ပြုရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်းဦးဆောင်သည့် စစ်ကော်မရှင်က အာဆီယံအလှည့်ကျဥက္ကဋ္ဌထံ တောင်းဆိုခဲ့သော်လည်း အာဆီယံဘုံသဘောတူညီချက် ငါး ချက် ကို လိုက်နာမှုမရှိသဖြင့် တက်ရောက်ခွင့်ရမည်မဟုတ်ကြောင်း သံတမန်သတင်းရင်းမြစ်များ ထံမှ သိရသည်။

 

စစ်ခေါင်းဆောင်နှင့်အဖွဲ့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ကွန်ဗင်းရှင်းဗဟိုဌာန (KLCC) တွင် လာမည့် အောက်တိုဘာ ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် (၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်ရရန် လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတိုစရီ မိုဟာမက်ဟာဆန် ဦးဆောင်သောအဖွဲ့ မြန်မာပြည်ခရီးစဉ်အတွင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

 

သို့သော် အာဆီယံက မြန်မာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဘုံသဘောတူညီချက် ငါးချက်ကို သတ်မှတ် ချထားပြီး စစ်ကော်မရှင်က လိုက်နာမှုမရှိသဖြင့် အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားသလို အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ဖိတ်ကြား၍မရကြောင်း သံတမန်သံများနှင့် ထိတွေ့သူများထံမှ သိရသည်။

“အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ အာဏာသိမ်းမှုကို လက်ခံလို့မရဘူး။ ဘာလို့ဆို ဘုံသဘောတူညီမှု ၅ ချက်က ရှိနေတယ်။ ဒါကြောင့်မို့လို့ ဒီနေ့အထိ စစ်အုပ်စုကို ဖိတ်ကြားတာမျိုး အာဆီယံက မလုပ်တာဖြစ်ပါတယ်” ဟု အာဆီယံ သံတမန်ရေးရာများနှင့် နီးစပ်သည့် တော်လှန်ရေးအင်အားစုဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောဆိုသည်။

 

(၄၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး မစတင်မီ မလေးရှားသတင်းဌာနတစ်ခုက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခွင့်ရနိုင်သည်ဟု ကနဦး သတင်းဖော်ပြခဲ့ သော်လည်း နောက်ပိုင်းတွင် ၎င်း၏အမည်ကို ဖယ်ရှား၍ ပြန်လည်ဖော်ပြခဲ့သည်။

 

မလေးရှားသတင်းဌာန၏ ကနဦးသတင်း ဖော်ပြမှုကို စစ်ကော်မရှင် ဝါဒဖြန့် မီဒီယာများက လိုသလို ချဲ့ကား၍ အာဆီယံ အစည်းအဝေးများသို့ စစ်ခေါင်းဆောင် တက်ရောက်ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ဖော်ပြကြသည်။

 

ယင်းအတူ အာဆီယံ၏ လက်ရှိအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတိုစရီ မိုဟာမက်ဟာဆန် ဦးဆောင်သောအဖွဲ့ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ် မူလအခွင့်အရေးများ ပြန်လည်ပေးအပ်ရန် စစ်ခေါင်းဆောင်နှင့်အဖွဲ့ဝင်များက တောင်းဆိုခဲ့ကြောင်း သိရသည်။

 

ပုံစာ-စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။