
ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့သို့ လာရောက် စစ်ဘေးရှောင်နေသည့် ရခိုင်ဒေသခံများကို စစ်ကောင်စီတပ်နှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ နေ့စဉ်ဧည့်စာရင်းစစ်ဆေး၍ ငွေတောင်းခံနေကြောင်း စစ်ရှောင်များထံက သိရသည်။
ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်သူများမှာ ငါးသိုင်းချောင်းမြို့တွင်းရှိ အမှတ် (၁)ရပ်ကွက်၊အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် အိမ်ငှါးပြီးနေထိုင်ကြရာ စစ်ကောင်စီတပ်၊ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ငွေတောင်းခံမှုများ ပြုလုပ်နေကြောင်း စစ်ဘေးရှောင်များထံကသိရသည်။
“ဧည့်စာရင်းစစ်တာကတော့နေ့တိုင်းပဲ။ တခါတလေဧည့်စာရင်းစစ်ရင်း AA(အာရက္ခတပ်တော်)နဲ့အဆက် အသွယ်ရှိလားမေးခံရတယ်။ ဧည့်စာရင်းတိုင်ခဆိုပြီးတော့ တစ်သောင်းတောင်းတယ်။ တခါတလေဆိုရင် သုံးသောင်းလောက်အထိပါအတောင်းခံရတယ်”ဟု စစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ဘေးရှောင်ထဲ၌ အသက်အရွယ်ကြီးရင့်သူ၊ကလေး သူငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များပါဝင်နေပြီး စစ်ကောင်စီတပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏စစ်ဆေးခြိမ်းခြောက်မှုများ နေ့စဉ်ကြုံတွေ့နေရ၍ နေရပ်သို့ပြန်လည်ပို့ဆောင်မည်ကို ရခိုင်
စစ်ဘေးရှောင်များက စိုးရိမ်နေကြကြောင်းပြောသည်။
“အခုကတိုက်ပွဲတွေအရမ်းဆိုးနေတော့မပြန်ရဲဘူး။ နေ့တိုင်းစစ်တပ်တွေရဲတွေ အုပ်ချုပ်ရေးအဖွဲ့တွေ ကဧည့်စာရင်းတွေလာစစ် ပိုက်ဆံလာတောင်းဆိုတော့နေရတာကြောက်လာတယ်။ နောက်ပြီးတိုက်ပွဲမပြီးခင် ပြန်အပို့ခံရမှာစိုးရိမ်နေရတယ်”ဟု သံတွဲမြို့မှလာရောက်တိမ်းရှောင်နေသူတစ်ဦးက ဆိုသည်။
ငါးသိုင်းချောင်းမြို့သို့ လာရောက်၍ စစ်ဘေးတိမ်းရှောင်နေကြသူများမှာ သံတွဲနှင့်ဂွမြို့မှ လာရောက်သူများဖြစ်ပြီး လူဦးရေ ၁၀၀ ဦးထက်မနည်းရှိနေကြောင်းသိရသည်။
ထို့အပြင် သံတွဲ၊ဂွ အပါအဝင် မောင်တော၊ စစ်တွေ၊အမ်း၊ကျောက်ဖြူ၊တောင်ကုတ်၊မာန်အောင်စသည့်မြို့နယ်များရှိစစ်ကောင်စီတပ်စခန်းအခြေစိုက်နေရာများသို့ အာရက္ခတပ်တော်(AA)မှ ပြီးခဲ့သည့်မေလနောက်ဆုံးအပတ်နှင့်ဇွန်လ ပထမအပတ်ကစပြီးထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နေပြီး ဒေသခံသိန်းချီစစ်ဘေးတိမ်းရှောင်နေရသည်။
ရခိုင်ပြည်နယ်၌ စစ်ကောင်စီတပ်နှင့်အာရက္ခတပ်တော်(AA)တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကာ ပြီးခဲ့သည့် ဇန်နဝါရီလမှယခု ဇွန်လအထိ (၆)လာတာအတွင်းပေါက်တော၊ မင်းပြား၊ကျောက်တော်၊မြောက်ဦး၊ မြေပုံ၊ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ရသေ့တောင်နှင့်ပလက်ဝအပါအဝင်မြို့ပေါင်း(၁၀)မြို့ကို AAမှတိုက်ခိုက်သိမ်းပိုက်ထားသည်။
#ငါးသိုင်းချောင်း #လာရောက်တိမ်းရှောင်သည့် #ရခိုင်စစ်ဘေးရှောင် #နေ့စဉ်ဧည့်စာရင်းစစ်၍ #ငွေ
တောင်း #Ayeyarwaddy_Times