
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်
တရုတ်အစိုးရက ယခင် NLD အစိုးရနှင့် နှစ်ဖက်သဘောတူ စီမံကိန်းအရ မြန်မာနိုင်ငံကို ကင်းလှည့်ရေ ယာဉ် ခြောက်စီး ပေးအပ်ခဲ့မှုကို အာဏာသိမ်း စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်အစိုးရမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့သော ကင်းလှည့်ရေယာဥ် ခြောက်စီးကို ဇွန် ၁၁ ရက်က ရန်ကုန်မြို့၊ အမှတ် (၃) ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးရုံး(ဝါးတန်း)တွင် လွှဲပြောင်းပေးအပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် စစ်ကောင်စီ၏ ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို ယခင် NLD အစိုးရက ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် တရုတ်နိုင်ငံထံသို့ တရားဝင်အဆိုပြုခဲ့ပြီး ၂ဝ၂၀ ပြည့်နှစ် သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ယင်းစီမံကိန်း၏ လဲလှယ်မှုစာလွှာကို နှစ်ဦးနှစ်ဖက်က လက်မှတ်ရေးထိုးခဲ့သည်ဟု ရန်ကုန်တရုတ်သံရုံးက ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီကမူ ထိမ်ချန်ထားခဲ့ကြောင်း သိရသည်။
“လက်ရှိပြည်တွင်းပဋိပက္ခ ဖြစ်နေတာကို တရုတ်ဘက်က တတ်နိုင်သမျှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စေ့စပ်ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတာဖြစ်တဲ့အတွက် စစ်ကောင်စီနဲ့လည်း ဆက်ဆံရေးကောင်းအောင် ကြိုးစားနေတာပဲ ဖြစ်တယ်ထင်ပါတယ်။ တရုတ်အနေနဲ့ သူ့ကတိစကားအရ လုပ်သင့်လုပ်ထိုက်တာ လုပ်တာကို စစ်ကောင်စီဘက်ကတော့ ဝါဒဖြန့်ချီရေးအတွက် သုံးတာပေါ့ဗျာ” ဟုတရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ကင်းလှည့်ရေယာဥ်များကို ကိုဗစ် ၁၉ ကပ်ရောဂါအပါအဝင် အခက်အခဲများကိုကျော်လွှား၍ အချိန်မီထုတ်လုပ်နိုင်ခဲ့သလို ထိုရေယာဉ်များသည် မြန်မာနိုင်ငံက ရေကြောင်းပို့ဆောင်မှု ဘေးကင်းရေး၊ ရေပေါ်ရှာဖွေ ကယ်ဆယ်ရေးနှင့် ရေအရင်းအမြစ် ကာကွယ်အသုံးချမှု လုပ်ငန်းများကိုလည်း ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ရန် ကူညီပေးမည်ဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ပြောဆိုသည်။
ထိုကဲ့သို့ လွှဲပြောင်းပေးခြင်းသည် တရားဥပဒေ စိုးမိုးမှုစွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လောင်းကစား၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါ စသည့် နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများအား အဆက်မပြတ် တိုက်ဖျက်သွားကာ နှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီကမူ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေးတို့အပေါ် အခြေပြု၍လည်းကောင်း၊ ၎င်းတို့ ရေကြောင်းရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ အားကောင်းစေရေးအတွက်လည်းကောင်း ၂၈ မီတာ ကင်းလှည့်ရေယာဉ် ၂ စီးနှင့် ၄၈ မီတာ ကင်းလှည့်ရေယာဉ် လေးစီးတို့ကို အကူအညီပေးခြင်းဖြစ်ကြောင်း ဆိုသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#NLDအစိုးရ #တရုတ်သမ္မတရှီကျင့်ဖျင် #ခရီးစဉ်တွင်သဘောတူ #ကင်းလှည့်ရေယာဉ်၆စီးကို #စစ်ကောင်စီထံပေးအပ် #Ayeyarwaddy_Times