ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာမှ ဒေသခံများ ကို စစ်ကောင်စီက ဖမ်းဆီးပြီး တရားစွဲဆိုကာ စစ်တွေထောင်သို့ ပို့လိုက်ကြောင်း သိရသည်။

ဖမ်းဆီးသွားသည့် ဗျိုင်းဖြူကျေးရွာမှ ဒေသခံများကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က ပုဒ်မများတပ်၍ တရားစွဲဆိုပြီး စစ်တွေထောင်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ၅၀ ကျော်ထဲမှ ၃၈ ဦးကို ပုဒ်မ ၁၇(၁) နှင့် ရာဇသတ်ကြီးပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲဆိုပြီး စစ်တွေထောင်သို့ ပို့လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

“အဖမ်းခံထားရတဲ့သူကတော့ ၈၀ ကျော်လောက်ရှိ တယ်။ အဲဒီထဲက ၃၈ ဦးကို ပုဒ်မတွေတပ်ပြီး စစ်တွေ ထောင်ကိုပို့လိုက်တာ။ ဖမ်းခံထားရတဲ့ထဲက ၁၂ ယောက်လောက် ဆေးရုံတင်ထားရတယ်။ ဆေးရုံမှာ သေသွားတဲ့သူတွေလည်းရှိတယ်”ဟု စစ်တွေဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးခံထားရသူများထဲမှ ညှဉ်းပန်းနှိပ်စက်ခံရ၍ သေလုမြောပါး ဒဏ်ရာရရှိသူများ ကို ဆေးရုံသို့လာရောက်ပို့ဆောင်သွားပြီး ၎င်းတို့ထဲမှ နှစ်ဦးမှာ ညှဉ်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် ဆေးရုံတွင်သေဆုံးသွားကြောင်း သိရသည်။

၎င်းတို့ထဲမှ ကျန်သည့်သူများကို မတရားအသင်းဆက်သွယ်မှု၊ အမိန့်မလိုက်နာမှုတို့ဖြင့် တရားစွဲကာ ထောင်သို့ပို့ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က စစ်ကောင်စီ၊ ALP နှင့် လက်နက်ကိုင်မူဆလင်တပ်ဖွဲ့များ ဗျိုင်းဖြူရွာသို့ ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ရိုက်နှက်ဖမ်းဆီးကာ ၎င်းတို့ထဲမှ ၇၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း AA ကထုတ်ပြန်ထားသည်။

ဖမ်းဆီးခံထားရသည့်အထဲမှ အမျိုးသမီးနှင့်ကလေးငယ်အချို့ကို ရွာအတွင်းမှခေါ်ထုတ်၍ ပြန်လွှတ်ပေးခဲ့ပြီး ကျန်သည့်သူများကို အမှတ် ၂ ရဲစခန်းသို့ လွှဲ ပြောင်းပေးကာ ယခုကဲ့သို့ တရားစွဲဆိုထောင်သို့ပို့ခဲ့ခြင်းဖြစ်သည်။

ဗျိုင်းဖြူကျေးရွာမှ ဖမ်းဆီးခံထားရသူများကို ရုံးထုတ်လာစဉ်တွင် ဖမ်းဆီးနှိပ်စက်ခံထားရသည့် ဒဏ်ရာများနှင့် အစာရေစာဖြတ်တောက်ထားမှုများကြောင့် ရုပ်ပျက်ဆင်းပျက် ပိန်လှီကာ လမ်းပင်ကောင်းကောင်းမလျှောက် နိုင်ကြောင်း ဒေသခံများက ပြောသည်။

#ရခိုင် #စစ်တွေ #ဗျိုင်းဖြူရွာဒေသခံများကို #စစ်ကောင်စီဖမ်းဆီးတရားစွဲ #ထောင်
ပို့ #Ayeyarwaddy_Times