
ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဇွန် ၁၃ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် တစ်မိုင်ဝန်းကျင်သာကွာဝေးသည့် စစ်ကောင်စီ၏ကာကင်းစခန်းတစ်ခုကို ပြီးခဲ့သည့် ဇွန် ၁၁ ရက်နေ့ က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း KLG PDF ထံက သိရသည်။
အဆိုပါ ကာကင်းစခန်းမှာ စစ်ကောင်စီ အင်အား ၅၀ ဝန်းကျင်ဖြင့် တပ်စွဲထားခြင်းဖြစ်ကာ မိနစ် ၃၀ ဝန်းကျင်ကြာ တိုက်ခိုက်မှုအတွင်း စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးကာ ငါး ဦးကို အရှင် ဖမ်းဆီး ရမိခဲ့ကြောင်းလည်း သိရသည်။
အရှင်ဖမ်းဆီးရမိခဲ့သည် တပ်ဖွဲ့ဝင်များမှာ ခမရ- ၁၀၆တပ်ရင်းမှ တပ်သား နေထက်အောင်၊ သက်ထွန်းငြိမ်းနှင့် ရှိုင်းထက်အောင်၊ ခမရ-၃၆၈တပ်ရင်း မှ တပ်သား လွမ်းငြိမ်းသူနှင့် ရဲတပ်သား ဖြိုးထက်အောင် တို့ ငါး ဦးဖြစ်ကြောင်းလည်း သိရသည်။
“နမခနဲ့ တစ်မိုင်းတောင် မဝေးဘူးဗျ။ အဲ့စခန်းကို သိမ်းဖို့ အချိန် တစ်လဝန်းကျင်လောက် အချိန်ယူပြီးမှ တိုက်ခိုက်ခဲ့ရတာဗျ။ ရဲဘော် အင်အား၁၀၀ ဝန်းကျင် သုံးခဲ့ရတယ်။ စစ်တပ်ဘက်က ၅၀ ဝန်းကျင်ရှိတယ်ဗျ။ သေတဲ့ထဲ အရာရှိကတော့ ပါမှာဘဲဗျ။ အခု စစ်တပ်က အဲ့ကျေးရွာကို ပြန်ရောက်နေပြီဗျ” ဟု KLG PDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စခန်းသိမ်းပိုက်ခဲ့စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များထံမှ လက်နက်ငယ် ကိုး လက်၊ ကွန်မန်ဒို စိန်ပြောင်း တစ် လုံး၊ ၆၀ မမ ဗုံးသီး ငါး လုံး၊ ၇၉ မမ ဗုံးသီး နှစ် လုံး၊ ၅ ဒဿမ ၅၆ ကျည် ၁၃၃၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
စခန်းသိမ်းတိုက်ခိုက်နေစဉ်အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်ကူ အင်အား ၁၀၀ ဝန်းကျင်ရောက်ရှိလာသည့်အတွက် ပြန်လည်ဆုတ်ခွဲခဲ့ရပြီး ယခုအခါ စခန်းအတွင်း စစ်ကော်စီတပ်များ ပြန်လည်နေရယူထားပြီဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း ငါး ဦးကို စစ်သုံ့ပန်းဥပဒေနှင့် အညီထိန်းသိမ်းထားပြီး သက်ဆိုင်ရာကို လွှဲပြောင်းပေးနိုင်ရန်လည်း ဆက်လက်ဆောင်ရွက် နေကြောင်း KlG PDF ထံက သိရသည်။
တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် တိုက်နယ်-၁ ပကဖ (ချိုမိုင်မိုင်အဖွဲ့၊ နဂါးညီနောင်အဖွဲ့၊ ချင်းတွင်းတိုက်ဂါးအဖွဲ့၊ B2 Fighter အဖွဲ့၊ CT lPDF အဖွဲ့၊ ထန်းတပင်အဖွဲ့၊ K2 အဖွဲ့၊ ဒေါင်းလုလင်အဖွဲ့၊ သေမင်းတမန်အဖွဲ့ )၊ ယင်းမာပင်မြို့နယ် တိုက်နယ် -၁၀ ပကဖ (ဗိုလ်မုတ်ဆိတ်အဖွဲ့ )၊ ယင်းမာပင်မြို့နယ် တိုက်နယ်-၉ ပကဖ(ဗျတ္တညီနောင်အဖွဲ့၊ ဗိုလ်ထွန်းတောက်အဖွဲ့ )၊ ကနီမြို့နယ် တိုက်နယ်-၅ ပကဖ အဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၇ B21 PDF၊ ယင်းမာပင်ခရိုင် ဗျူဟာအမှတ်-၄၅ KLG PDF၊ ယင်းမာပင်ခရိုင် တပ်ရင်း-၃၅ PDA၊ ကျောင်းသားလက်ရုံးတပ်တော်၊ မုံရွာခရိုင်တပ်ရင်း-၁၃ AungSanGeneration၊ မုံရွာခရိုင် တပ်ရင်း-၁၄၊ ချင်းတွင်း Brother LPDF၊ ဘုတလင် Mobile team တို့မှ ပူးပေါင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – KLG PDF
#မုံရွာ #နမခ #ကာကင်းစခန်း #စခန်းသိမ်းပိုက်နိုင် #PDF #Ayeyarwaddy_Times