ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့၍ စစ်ရေး ပြင်ဆင်နေမှုများ လုပ်ဆောင်နေသောကြောင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့ကိုအခြေပြု၍ မူဆယ်၊ သီပေါ၊ ကျောက်မဲမြို့များသို့ စစ်ကူနှင့် လက်နက် အင်အား အများအပြားကို မေလဆန်းပိုင်းမှစ၍ ယခုချိန်ထိပို့ဆောင်ကာ စစ်ပြင် ဆင်လျက်ရှိကြောင်း သိရသည်။

“စစ်ပြန်ဖြစ်မဖြစ်ကို တစ်ရက်နှစ်ရက်အတွင်း စောင့်ကြည့်ရင် သိပါလိမ့်မယ်။ ခုအခြေအနေက ဘာမှပြောလို့မရသေးဘူး။ ကတိကဝတ်ဆိုတာ အရင်ဖျက်တဲ့သူမှာ တာဝန်ရှိတယ်”ဟု TNLA နှင့်နီးစပ်သည့်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNDAA ၊ TNLA၊ AA တို့၏ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် ရှမ်းမြောက်ရှိ မြို့နယ်အများစုကို လက်လွတ်ခဲ့ရပြီး တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ဟိုင်ဂင်သဘောတူညီချက် အရ အပစ်ရပ်စဲရေးစာချုပ်ကို လက်ခံသဘောတူညီခဲ့ပြီးရှမ်းမြောက်တွင် တိုက်ပွဲများ ရပ်စဲခဲ့သည်။

ဟိုင်ဂင်သဘောညီချက် အရ ရှမ်းမြောက်တွင် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီ၏ လားရှိုးတပ်မှနေ၍ မကြာခဏဆိုသလို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ သဘော တူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့က မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် TNLA တပ်ဖွဲ့ဝင် သုံး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ထံက သိရသည်။

ထို့ပြင် စစ်ကောင်စီက ၎င်းတို့၏ ရမခ စစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ရှိ တပ်များအတွင်း မိုင်းများအပြည့်ခင်းကျင်းထားပြီး သီပေါနှင့်ကျောက်မဲမြို့များသို့ နေ့စဉ်စစ်ကားများဖြင့် အင်အားရာချီတင်ကာ စစ်ရေး ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ယခုဇွန်လ ပထမပတ်အတွင်းကလည်း လားရှိုးရမခ အတွင်းသို့ ဒရုန်းအစင်းရေ ၄၀၀ ကျော်နှင့် ၎င်းတို့ကိုစီမံကွပ်ကဲပစ်ခတ်မည့် အရာရှိများကိုပါ ပူးတွဲစေ လွှတ်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ယင်းလုပ်ရပ်သည် စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ယမန်နေ့ ဇွန် ၁၂ ရက်နေ့ကလည်း သီပေါ-နမ္မတူလမ်းပိုင်းကို စက်ယန္တယားများသုံး၍ မြောင်းတူးဖျက်ဆီးခဲ့ပြီး အများပြည်သူသွားလာမှုကို ကန့်သတ်ခဲ့ ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် TNLA သည် ဇွန် ၁၁ ရက်နေ့တွင် TNLA တပ်ဖွဲ့ဝင်အင်အား ရာချီဖြင့် စစ်အင်အားပြကာ ကားများဖြင့် လှည့်လည်မှုများ ပြုလုပ်ခဲ့သည့် ရုပ်သံဗီဒီယိုထွက်ပေါ်လာခဲ့သည်။

ထို့အပြင် ဝတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်အင်အား ၇၀၀၀ ခန့်မှလည်း အင်အားပြလှည့်လည်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ- ဇွန် ၁၁ ရက်နေ့က တွေ့ရသည့် ညီနောင်မဟာမိတ် TNLA တပ်ဖွဲ့ဝင်များ
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #ညီနောင်မဟာမိတ် #TNLA #စစ်ရေး #တင်းမာ #Ayeyarwaddy_Times