ဧရာဝတီတိုင်းမ်
ဇွန်လ ၁၃ ရက်

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖားလ်မြို့ အကျဥ်းထောင်တွင် နှစ်နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား ၃၈ ဦးကိုလွှဲပြောင်း ပေးအပ်လိုက်ပြီဖြစ်ကြောင်း ဇွန်လ ၁၁ ရက်နေ့တွင် မဏိပူရ် ပြည်နယ် ဝန်ကြီးချုပ်က X လူမူကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

နေရပ်ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၃၈ ဦးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် မဏိပူရ်ပြည်နယ် လမ်ကားမြို့ရှိ ယက်ကန်းစက်ရုံတွင် မဏိပူရ်ပြည်နယ် ကွန်မန်ဒိုရဲတပ်ဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသား ၃၈ ဦးကို ဇွန်လ ၁၁ရက်နေ့တွင် အင်ဖားလ်မြို့ အကျဥ်းထောင်မှ မိုးရေးမြို့ကို ရဟတ်ယာဥ်ဖြင့် ပို့ဆောင်ပြီး အာသံရိုင်ဖယ်တပ်ဖွဲ့က မိုးရေးမြို့မှတဆင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှ တမူးမြို့သို့ စစ်ကောင်စီ (လဝက)ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ဇွန်လ ၁၁ ရက်နေ့၊ မနက် ၁၁ နာရီလောက်မှာ အာသံရိုင်ဖယ် တပ်တွေကနေ မြန်မာပြည် စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ (လဝက)ဆီကို လွှဲပြောင်း ပေးအပ်လိုက်တာဖြစ်ပါတယ်။ သူတို့တွေဟာ မဏိပူရ်ပြည်နယ်မှာ အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားနဲ့ စစ်ဘေးရှောင်တွေဖြစ်ပြီး သူတို့ကို တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ်အသီးသီးချမှတ်ကာ မြန်မာပြည်ကို အပို့ခံရတာဖြစ်ပါတယ်။”ဟု မိုးရေမြို့ရှိ မြန်မာစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြေသည်။

အဆိုပါ မြန်မာနိုင်ငံသား ၃၈ ဦးတွင် ကလေးငယ် ၁၀ ဦး၊ အမျိုးသမီး ၈ ဦး၊ အမျိုးသား ၂၀ ဦးတို့ဖြစ်ပြီး ၎င်းတို့သည် မြန်မာပြည်သို့ ဒုတိယအသုတ်ဖြင့် ပို့ဆောင်ခံရခြင်းဖြစ်သည်။

မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော်ရှိပြီး ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကလည်း မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်မှ မြန်မာနိုင်ငံသား ၃၈ ဦးကို ပထမအသုတ်အနေဖြင့် မြန်မာပြည်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

မဏီပူရ်ပြည်နယ် အစိုးရအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ခြင်း မလုပ်ဆောင်ရန် မြန်မာစစ်ဘေးရှောင်ကော်မတီ(ကဘော်ဒေသ)က ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင် တိုက်တွန်းစာ ထုတ်ပြန်ထားသည်။

#မဏိပူရ်ပြည်နယ် #ဖမ်းဆီးထိန်းသိမ်းခံရ #စစ်ဘေးရှောင်များအပါအဝင် #မြန်မာနိုင်ငံသား၃၈ဦးကိုပြန်ပို့ #Ayeyarwaddy_Times