
ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်
ရခိုင်ပြည်နယ်၊ မောင်တောရှိ စစ်ကောင်စီ၏ အင်အား ၃၀၀ ကျော်ရှိသည့် အလယ်သံကျော်နယ်ခြားစောင့် စခန်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ အလယ်သံကျော်နယ်ခြားစောင့်စစ်စခန်းကို ယမန်နေ့ ဇွန် ၁၂ ရက်နေ့တွင် AA က သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“အင်းဒင်နဲ့ နခခ ၉ ကို သိမ်းပြီးကတည်းက အလယ်သံကျော်မှာ အင်အားသိပ်မရှိတော့ဘူး။ ဒါပေမယ့် ၃၀၀ လောက်တော့ကျန်တယ်။ အလယ်သံကျော်ကို ဝင်တိုက်တော့ စစ်ကောင်စီ ရေတပ်ကရော၊ မြို့သူကြီးကရော လက်နက်ကြီးတွေနဲ့ ပစ်ကူတဲ့အပြင် ဂျက်တိုက် လေယာဉ်တွေနဲ့ပါ ဗုံးလာကြဲတယ်”ဟု ရခိုင်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA က ပြီးခဲ့သည့် ဇွန် ၇ ရက်နေ့တွင် နခခ ၄၊ မောရဝတီ၊ အလယ်သံကျော်နှင့် နားခေါင်းတို စခန်းများကို ထိုး စစ်ဆင်တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ခဲ့ပြီး ယခုတွင် နခခ ၄၊ မောရဝတီနှင့် အလယ်သံကျော်စခန်းတို့ကို သိမ်းဆည်းရမိပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် မောင်တောရှိ တာဝါတိုင်စခန်းအား ဇွန် ၂ ရက်နေ့တွင်လည်းကောင်း၊ ဇွန် ၃ ရက်နေ့တွင် ကျောက်ပန္ဒူစခန်း၊ ဇွန် ၄ ရက်တွင် ဂွဆုံပြင်စခန်းနှင့် မြင်းလွှတ်စခန်း၊ ဇွန် ၆ ရက်နေ့တွင် အင်းဒင်စခန်း၊ ၇ ရက်နေ့တွင် နခခ ၉ စခန်းတို့ကို AA ကသိမ်း ပိုက်ရရှိခဲ့သည်။
စစ်ကောင်စီသည် မောင်တောမြို့အတွင်းသို့ ဝင်ရောက်နိုင်သည့် ကုန်းလမ်းများအားလုံးကို ပိတ်ဆို့ ထားပြီး တံတားအချို့ဖြစ်သည့် လဘော်ဇား တံတား၊ ကံကျမြောက်ရွာတံတား၊ ၃ မိုင်တံတား၊ သံတံတားနှင့် ရွာသစ်ကေတံတားတို့ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ နခခ ၄ နှင့် နခခ ၉ တို့သည် AA ၏ ဝင် ရောက်တိုက်ခိုက်ခြင်း ခံနေရပြီး တချို့မှာ ဖမ်းဆီးခံရခြင်းများရှိသလို အချို့တပ်ဖွဲ့ဝင်များသည် စက်လှေနှင့်ထွက်ပြေး၍ လှေနစ်မြုပ် ပျောက် ဆုံးမှုများရှိကြောင်း သိရသည်။
ပုံစာ-အာရက္ခတပ်တော် (AA) – ပုံဟောင်း
#ရခိုင် #မောင်တော #အလယ်သံကျော် #စစ်ကောင် စီ #နယ်ခြားစောင့် #စခန်း #AA #သိမ်းပိုက်
#Ayeyarwaddy_Times