ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်

မြဝတီကုန်သွယ်ရေးလမ်းကြောင်း လမ်းပျက်စီးမှုများကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲနေချိန်တွင် ပြည်တွင်း သုံးစွဲမှုများသော ထိုင်းနိုင်ငံထုတ် သွင်းကုန် စားသုံးဆီ တံဆိပ်မျိုးစုံဈေးမြင့်တက်နေပြီး ပစ္စည်းရှားပါးပြတ်လပ်နေကြောင်း သိရသည်။

ရန်ကုန်မြို့တွင်ပင် ထိုင်းနိုင်ငံထုတ် Cook အမှတ်တံဆိပ်နေကြာဆီ ဝယ်ရခက်သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး အခြားတံဆိပ်ဖြစ်သည့် Sunar နေကြာဆီ၊ ပုစွန်နှစ်ကောင် ဟင်းသီးဟင်းရွက်ဆီများလည်း ဈေးမြင့်တက်နေကြောင်း ရန်ကုန်မြို့ရှိ အိမ်ရှင်မများ ထံက သိရသည်။

“ ဆီအသုံးနည်းတဲ့ သူမလို့ တစ်လတစ်လ ဆီမကုန်ဘူးဆိုရင်တောင် Cook နေကြာဆီ ၁ ဒသမ ၉ လီတာဗူး နှစ်ဗူးလောက်ကုန်တယ်။ အခုအဲဒီဗူးဆိုဒ်ကဝယ်မရဘူး။ အဲဒါနဲ့ Sunar နေကြာဆီ နှစ်လီတာဗူး အခုသုံးနေတာ ကုန်သွားတယ်။ အခုအဲဒီနှစ်မျိုးဝယ် နေကျဆိုင်မှာမရလို့ အခြားဆိုင်တွေမှာ လိုက်ရှာဝယ်ရတယ် ” ဟု မရမ်းကုန်မြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်တစ်ပတ်အတွင်း Sunar ၁ လီတာ ဘူးတစ်ဘူးလျှင် ၉၈၀၀ ကျပ်မှ ယခု ၁၁၀၀၀ ကျပ်၊ Sunar ၂ လီတာဘူး ၁၈၅၀၀ ကျပ်မှ ၂၁၀၀၀ ကျပ်ထိဈေးမြင့်တက်ကာ ပစ္စည်းပြတ်နေပြီး ယခုတစ်ပတ်တွင် ပုစွန်နှစ်ကောင်ဟင်းသီးဟင်းရွက်ဆီ ၁ လီတာ ၇၈၀၀ ကျပ်၊ ၅ လီတာ ၃၉၀၀၀ ကျပ်ဈေးရှိကြောင်း ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ နာမည်ကြီးကုန်တိုက် City Market တွင် Cook နေကြာဆီ ၁ လီတာ ( ငါးဆယ်ကျပ်သား) တစ်ဗူးကို ၉၆၀၀ ကျပ်ဖြင့် ရောင်းချပေးပြီး လူတစ်ဦးလျှင် နှစ်ဘူးသာဝယ်ယူခွင့်ရှိကြောင်း ကန့်သတ်ထားသည်။

ထို့ပြင် စစ်ကောင်စီက ဖြန့်ဖြူးနေသည့် စားအုန်းဆီ ရည်ညွှန်းဈေးမြင့်တက်နေပြီး တစ်ပိဿာ ကျပ် ၅၃၆၅ ကျပ်ဖြစ်ကာ တန်းစီးဈေးတွင် ကျပ် ခုနစ်ထောင်ရှိပြီး ပြင်ပဈေးကွက်တွင် တစ်ပိဿာ ကျပ် တစ်သောင်း ကျော်ဈေးပေါက်နေပြီး ဖြစ်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။

“စားအုန်းဆီရောင်းပေးတဲ့နေရာမှာပါ ဈေးတက်တော့ ဆီပေးတဲ့အခါတန်းစီ ကြတော့တာပဲ။ အရင်ကဆို တိုကင်နံပတ်ရှိတယ်။ အဲဒါယူပြီးတန်းစီရုံပဲ။ အခုက သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ပါမှရတယ်။ လမ်းကြုံဝင်တန်းစီလို့မရဘူး ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြည်တွင်းထုတ်လုပ်သော မြေပဲဆီဈေးနှုန်း တစ်ပိဿာ ၁၈၀၀၀ ကျပ်ခန့်ရှိ၍ ဈေးသင့်သောထိုင်းနိုင်ငံထုတ် ဟင်းသီးဟင်းရွက်ဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီနှင့် စားအုန်းဆီများကို ပြည်သူအများစု စားသုံးနေခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်မှုများအပါဝင် ပြည်တွင်းကုန်စီးဆင်းမှု ပြတ်တောက်သဖြင့် ယမန်နှစ်ထက် ယခုနှစ်ခြောက်လအတွင်းကုန်သွယ်မှုပိုမိုကျဆင်းလာကာ ကာလတူ အချိန်နှင့် နှိုင်းယှဉ်ပါက ပို့ကုန် ၁၃ ရာခိုင်နှင့် သွင်းကုန် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိ ထိုင်းနှင့်တရုတ် နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း မြဝတီ – ထိုင်းနယ်စပ်ကုန်သွယ်ရေး၊ မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ကုန်သွယ်မှုရပ်ဆိုင်းနေသဖြင့် သွင်းကုန်ပစ္စည်းများ ကုန်ရှားကာ ဈေးမြင့်တက်လျက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်

#ထိုင်းသွင်းကုန်စားသုံးဆီ #ဈေးမြင့် #ပစ္စည်းရှားပါး #Ayeyarwaddy_Times