ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဇွန် ၁၂ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ချင်းလက်မွန် ကျေးရွာ ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် စစ်ဘေးရှောင် တစ်ဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ချင်းလက်မွန်ကျေးရွာကို ယမန်နေ့ ဇွန် ၁၁ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် လေကြောင်းမှနေ၍ ဗုံးသီး လေးလုံးထက် မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျင်ဒွေး စစ်ဘေးရှောင် ပြည်သူတွေကို ထားတဲ့ ကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်သွားတာပါ။ စစ်ဘေးရှောင် တစ်ဦး သေဆုံးပြီးတော့ လေးဦးဒဏ်ရာရတယ်။ ကျောင်းအဆောက်အဦးနဲ့ နေအိမ်တွေ၊ စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာတွေ အကုန်ပျက်စီးသွားပါတယ်” ဟု ကန်ပက်လက်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၈၀ အရွယ် စစ်ဘေးရှောင် အဘွားအို တစ်ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အရပ်သား နေအိမ် ခုနစ်လုံး၊ စာသင်ကျောင်းဆောင် နှစ်လုံးနှင့် ဝန်ထမ်းအိမ်ရာ အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့က ကန်ပက်လက် မြို့နယ်ရှိ ကျင်ဒွေးမြို့ကို သိမ်းပိုက်ရရှိထားပြီး မြို့တွင်း နယ်မြေ ရှင်းလင်းရေးများ ပြီးဆုံးခြင်းမရှိသေးသည့်အတွက် စစ်ဘေးရှောင်များ နေရပ်သို့ ပြန်နိုင်ခြင်းမရှိသေး ကြောင်း သိရှိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း မတူပီမြို့နယ် အမ်ဆွေး ကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။

ပုံစာ- စစ်ဘေးရှောင်များ ခိုလှုံနေသည့် ချင်းလက်မွန်ကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်
#ကန်ပက်လက် #စစ်ဘေးရှောင်များခိုလှုံ #ချင်းလက်မွန်ကျေးရွာ #လေကြောင်းတိုက်ခိုက် #သက်ကြီးရွယ်အို #၁ဦးသေဆုံး #၄ဦးဒဏ်ရာရ #Ayeyarwaddy_Times