ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်၊

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ယမန်နေ့ ဇွန် ၁၁ နံနက်ပိုင်းက မြို့ခံများ၏ လက်ကိုင်ဖုန်းများအတွင်း VPN ထည့်သွင်း အသုံးပြုထားခြင်း ရှိမရှိ စစ်ကောင်စီက စစ်ဆေးနေပြီး ဒေသခံ ငါးဦးထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၊ ရဲ နှင့် ပျူစောထီးအဖွဲ့များသည် မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ အမှတ်(၃) ရပ်ကွက်လမ်းဆုံ၊ အမှတ်(၆)ရပ်ကွက်လမ်းဆုံ၊ မော်ကျွန်းမီးသတ်စခန်းရှေ့နှင့် ကမ်းနားလမ်းနေရာတို့တွင် ယမန်နေ့ နံနက် ၁၀နာရီခန့်ကစတင်၍ လမ်းသွား လမ်းလာများ၏ လက်ကိုင်ဖုန်းများတွင် VPN အသုံးပြုမှု ရှိမရှိ စစ်ဆေးခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မြို့ခံများထံက သိရသည်။

“ မနေ့က တစ်နေ့လုံး လမ်းဆုံတွေမှာ ရဲတွေကော စစ်တပ်တွေပါ အင်အားချပြီး ဖုန်းတွေစစ်တယ်။ VPN တွေ ဖုန်းထဲမှာရှိလား မရှိလား အတင်းတောင်းစစ်ခံရတာ။ ကျွန်မလည်းဖုန်းအတောင်းစစ်ခံရတယ်။ VPN ပါတာလည်းတွေ့ကော အခုချက်ခြင်း ဖြုတ်ခိုင်းတာ။ ဖုန်းအသိမ်းမခံရတာပဲ တော်သေးတယ်။ အဖမ်းခံရတာလည်းကြားတယ်။ ကျွန်မတို့ရပ်ကွက်ထဲကလည်း တစ်ယောက်ပါသွားတယ်”ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရ သည့် အမှတ်(၃)ရပ်ကွက်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းသို့စစ်ကောင်စီတပ်၏စစ်ဆေးမှုကြောင့် အမှတ်(၃)ရပ်ကွက်မှ ‌ဒေသခံအမျိုးသား တစ်ဦး၊ အမှတ်(၅)ရပ်ကွက်မှဒေသခံအမျိုးသား နှစ်ဦးနှင့် အမှတ်(၆)ရပ်ကွက်မှ ဒေသခံ အမျိုးသား နှစ်ဦး စုစုပေါင်း ငါး ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးထားသူများကို မော်လမြိုင်ကျွန်းမြို့နယ်ရဲစခန်းတွင် စစ်ဆေးရန် ခေါ်ဆောင်ခဲ့ပြီး ပြန်လွှတ်ပေးရန်အတွက် ငွေကြေးသိန်းချီတောင်းခံမှုများရှိကြောင်း ဖမ်းဆီးခံရသူ များနှင့် နီးစပ်သူများထံက သိရသည်။

“ဖုန်းတွေအစစ်ခံရရင်းနဲ့အိမ်က ညီတစ်ယောက်အဖမ်းခံလိုက်ရတယ်။ အခြား အဖမ်းခံရတဲ့သူတွေလည်းမနည်းဘူး။ အဓိက ဖုန်းထဲမှာ VPN တွေ့လို့တဲ့။ အခု မော်ကျွန်းရဲစခန်းထဲမှာအချုပ်ခံနေရတယ်။ ပြန်လွှတ်ချင်ရင် စခန်းမှူးနဲ့ စရဖ အရာရှိကို သိန်း ၆၀ ပေးရမယ်ဖုန်းဆက်ပြောတယ်။ မဟုတ်ရင် စစ်မှုထမ်းဖို့တခါတည်း ဆွဲထည့် ခံရမယ်ဆိုပြီးတော့ ခြိမ်းခြောက်ခံရတယ်” ဟု အမှတ်(၆)ရပ်ကွက်မှဖမ်းဆီးခံရသူ တစ်ဦး၏ မိသားစုဝင်က ဆိုသည်။

ယနေ့ ဇွန် ၁၂ ရက်နေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီး အဖွဲ့ဝင်များသည် မြို့တွင်းလမ်းဆုံနေရာများ၌ မြို့ခံများ၏ လက်ကိုင်ဖုန်းများအတွင်း VPN အသုံးပြုခြင်း ရှိ မရှိစစ်ဆေးမှုများပြုလုပ်နေကြောင်း မြို့ခံများထံကသိရသည်။

ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့မှ စတင်၍ စစ်ကောင်စီ၏ ဝါဒဖြန့် လောဘီချန်နယ်များတွင် လိုင်စင်ရယူ၍ ဝန်ဆောင်မှုပေးသည့် ကွန်ရက်ပေါ်တွင် VPN နည်းပညာ သို့မဟုတ် အလားတူ နည်းပညာကို အသုံးပြု၍ ကွန်ရက်ထူထောင်ခြင်း၊ ကွန်ရက်ကို ဝင်ရောက် ချိတ်ဆက်ခြင်း ၊ အသုံးပြုခြင်း ပြုလုပ်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁ နှစ်မှ ထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်း ရေးဆွဲ နေကြောင်း ဖော်ပြလျှက်ရှိသည်။

#မော်လမြိုင်ကျွန်း #လက်ကိုင်ဖုန်းများ #VPNစစ်ဆေး #ဒေသခံ၅ဦးထက်မနည်း #စစ်ကောင်စီတပ် ဖမ်းဆီး #Ayeyarwaddy_Times