
ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်
မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်စာမေးပွဲအမှတ်အများရရှိသူ ( ဝိဇ္ဇာတွဲ) ဘာသာရပ်မှ ၁၀ ဦးစာရင်းတွင် ပြည်သူ့ခုခံတော်လှန်စစ်ပွဲများမရှိသော ဧရာဝတီတိုင်းမှ ကျောင်းသား၊ ကျောင်းသူ လေးဦးပါဝင်ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနထံက သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းသည် KG +12 ပညာရေးစနစ်သစ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပထမဆုံးဖြေဆို အောင်မြင်သူများ ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံးရရှိသူ (ဝိဇ္ဇာတွဲ) ၁၀ ဦး တွင် ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှ မောင်ရဲလွင်အောင်သည် အဆင့် (၄) ရရှိကာ ဂုဏ်ထူးလေးဘာသာ အမှတ်ပေါင်း ၄၉၅ မှတ်၊ ဟင်္သာတမြို့နယ်မှ မရီရီဝင်းသည် အဆင့် (၅) ဖြင့် ဂုဏ်ထူးလေးဘာသာ အမှတ်ပေါင်း ၄၉၃ မှတ်၊ ကျောင်းကုန်းမြို့နယ်မှ မအေးသီတာသည် အဆင့် (၇) ဂုဏ်ထူးလေးဘာသာဖြင့် အမှတ်ပေါင်း ၄၈၈ မှတ်၊ ကျုံပျော်မြို့နယ်မှ မစမ်းမေသူသည် အဆင့် (၈) ဂုဏ်ထူးသုံးဘာသာ အမှတ်ပေါင်း ၄၈၈ မှတ်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံက သိရသည်။
ကျောင်းကုန်းမြို့နယ်အတွင်း ခြောက်ဘာသာဂုဏ်ထူးရှင် တစ် ဦး ၊ ငါးဘာသာဂုဏ်ထူးရှင် သုံး ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ခြောက် ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ကိုး ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၃၄ ဦး၊ တစ်ဘာသာထူးရှင် ၇၅ ဦးနှင့် ရိုးရိုးအောင်သူ ၃၇၈ ဦးဖြင့် အောင်ချက် ၆၄ ဒသမ ၀၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထို့ပြင် ညောင်တုန်းမြို့နယ်တွင် လေးဘာသာဂုဏ်ထူးရှင် နှစ် ဦး၊ သုံးဘာသာဂုဏ်ထူးရှင် တစ် ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၂ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၈ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၀၄ ဦးဖြင့် အောက်ချက် ၆၁ ဒသမ ၂၉ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်ပညာသစ်နှစ်အပါအဝင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေသည့် မတ်လအတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေသော်လည်း အ.ထ. က (၂ ) စစ်တွေမှ ဖြေဆိုသူ မောင်ဖြိုးသိန်း သည် ဂုဏ်ထူးခြောက်ဘာသာ အမှတ်ပေါင်း ၅၅၅ မှတ်ဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယအဆင့် (သိပ္ပံတွဲ) ဖြင့်ရရှိခဲ့ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်တွင် စစ်မက်ဖြစ်ပွားနေသော ကရင်နီ(ကယား)ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုရန် စာစစ်ဌာနဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ချင်းပြည်၊ ရခိုင်ပြည်နှင့် ရှမ်းပြည်( မြောက်ပိုင်း) တို့တွင်လည်း ဖြေဆိုသူနည်းပါးကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူ ပထမဆုရှင် မောင်ကျော်လင်းသန်း ဆေးတက္ကသိုလ် ပထမနှစ်တွင် ပညာနေကြားနေသူသည် စစ်တပ်အာဏာသိမ်းမှုကြောင့် CDM အဖြစ် ပါဝင်ရပ်တည်ခဲ့၍ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး လက်ရှိတွင် ထောင်တွင်း အကျဉ်းကျ ခံနေရကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မြန်မာတစ်နိုင်ငံလုံး #တက္ကသိုလ်ဝင်စာမေးပွဲ #အမှတ်အများဆုံး #ဝိဇ္ဇာတွဲ၁၀ဦး #ဧရာဝတီတိုင်း #၄ဦးပါဝင် #Ayeyarwaddy_Times