
ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်
ယခုနှစ်အစတွင် မြန်မာနိုင်ငံ လူဦးရေ၏ ၃၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု အခြေအနေတွင် ကျရောက်နေပြီး ငွေကြေးဖောင်းပွနှုန်းနှင့် အလုပ်လက်မဲ့နှုန်း ဆက်လက်မြင့်တက်နိုင်သဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ဆင်းရဲနွမ်းပါးမှု ဆိုးရွာမည် ဖြစ်ကြောင်း ယနေ့ ဇွန် ၁၂ ရက်နေ့တွင် ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည်။
လက်ရှိတွင် ကိုဗစ် – ၁၉ ကပ်ရောဂါမတိုင်ခင် ကာလထက်တိုးပွားလာသည့် ဆင်းရဲ နွမ်းပါးသူဦးရေ ၇ သန်းရှိကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးသူ ၃၂ ရာခိုင်နှုန်းရှိ၍ ယခု ၂၀၂၄ ခုနှစ်တွင် ယင်းအချိန်သို့ ပြန်လည်ကျရောက်လာကာ ဆင်းရဲနွမ်းပါးမှု ပြင်းထန်လာကြောင်း ကမ္ဘာ့ဘဏ်က ဆိုထားသည်။
“နေရပ်စွန့်ခွာရွှေ့ပြောင်းမှုတွေ၊ အလုပ်အကိုင်ဆုံးရှုံးမှုတွေနဲ့ ဝင်ငွေကျဆင်းလာမှုတွေ ဖြစ်လာနေတယ်။ ဆင်းရဲမှုကျဆင်းရေးအတွက် ဆယ်စုနှစ်တစ်စုစာကြိုးပမ်းခဲ့တဲ့ ရလဒ်တွေ အကုန်အလဟဿဖြစ်သွားရတယ် ” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီး ယားနှင့် လာအိုနိုင်ငံများဆိုင်ရာဌာနေ ညွှန်ကြားရေးမှူး မာရီယမ်ရှာဖမ်က ပြောကြား ထားသည်။
ထို့ပြင် ဝင်ငွေကျဆင်းမှုနှင့် အိမ်ထောင်စုများအသုံးစရိတ် ချွေတာရမှုများကြောင့် စားသုံးမှုနှင့် လက်လီ ရောင်းဝယ်ဖောက်ကားရေးအတွက် အတားအဆီးဖြစ်စေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ယင်းအပြင် သက်မွေးမှု စီးပွားရေးလုပ်ငန်းများပေါ်တိုက်ရိုက် သက်ရောက်မှုများအဖြစ် နယ်စပ်ကုန်သွယ်မှုနှင့် ပြည်တွင်းကုန်စည်စီးဆင်းမှုပြတ်တောက်ခြင်း၊ သွင်းကုန်များ ပြတ်လပ်မှု၊ လုပ်သားဈေးကွက်မတည်ငြိမ်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု များကြောင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများအတား အဆီးဖြစ်ပေါ်နေကြောင်း သိရသည်။
“ မြန်မာပြည်က အိမ်ထောင်စုတွေအနေနဲ့ ကာလတိုနဲ့ လာမယ့်ကာလလတ်အတွင်းမှာ အနည်းငယ် အသက်ရှူချောင် လာနိုင်ဖွယ်ရှိပေမယ့် စီးပွားရေးတစ်ခုလုံးအနေနဲ့ တိုးတက်မှုခန့်မှန်းချက်က အလွန်းအားနည်းတဲ့ အနေအထားမှာ ဆက်လက်ရှိမယ် ” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများဆိုင်ရာဌာနေ ညွှန်ကြားရေးမှူး မာရီယမ်ရှာဖမ်က ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေများကြောင့် စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင် နေရပြီး စီးပွားရေးတိုးတက်မှုနှုန်း ဆက်လက်နှေးကွေးနေမည်ဖြစ်ကာ လာမည့် ၂၀၂၅ ခုနှစ် မတ်လ အထိ တစ်နှစ်အတွင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး ( GDP) ၁ ရာခိုင်နှုန်းသာရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ဆင်းရဲနွမ်းပါးမှု #ဆက်လက်မြင့်တက် #worldbank #ခန့်မှန်း #စီးပွားရေးတိုးတက်နှုန်း #၁ရာခိုင်နှုန်း #Ayeyarwaddy_Times