
ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ကန်ပိုက်တီ လမ်းမပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းနှစ်ခုနှင့် နယ်ခြားစောင့်တပ်စခန်းတစ်ခုကိုပါ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ဆဒုံး-ကန်ပိုက်တီ လမ်းမပေါ်ရှိ ၁၃ မိုင်စုပေါင်းဂိတ်နှင့် ဘွမ်တောင်ပြည်သူ့ စစ်စခန်း တို့ကို ယနေ့ ဇွန် ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် KIA က တိုက်ခိုက်သိမ်း ပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ဆဒုံးလမ်းမပေါ်မှာရှိတဲ့ စခန်းတွေကို ဒီနေ့မနက် ၄ နာရီကစပြီး တိုက်နေတာ။ အခုဗျူဟာကုန်းကိုထပ်ပြီး ထိုးစစ်ဆင်နေပါတယ်” ဟု ၎င်းကဧရာဝတီတိုင်းမ်ကို ပြောသည်။
ယနေ့ နံနက်ပိုင်း ၄ နာရီအချိန်ခန့်မှစ၍ ဝိုင်းမော်မြို့ နယ်၊ ဝါရှောင်ကျေးရွာအနီးရှိ ဆဒုံးဗျူဟာကုန်း၊ ဒိန်ဂါတပ်စခန်းနှင့် ယခုသိမ်းပိုက်ရရှိသည့် ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ်တောင်ပြည်သူ့စစ်စခန်းတို့ကို KIA က တပြိုင်နက်ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။
၁၃ မိုင်စုပေါင်းဂိတ်နှင့် ဘွမ်တောင်စခန်းများ သိမ်းပိုက်ရာတွင် စစ်လက်နက်ပစ္စည်း အများအပြားနှင့် စစ် ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိကြောင်း သိရသည်။
ထို့အပြင် ယနေ့ ဇွန် ၁၁ ရက် နံနက် ၁၁ နာရီအချိန်ခန့် တွင် KIA တပ်ရင်း-၃ ဒေသရှိ စစ်ကောင်စီ၏ ခစတ-၁၀၀၃ နယ်ခြားစောင့်တပ် လဖိုင်တပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲရှိရာနေရာသို့ စစ်ကောင်စီ၏ နမ့်ပေါင် လေတပ်စခန်းမှ ဂျက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်ပါ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ ဇွန် ၁ဝ ရက်နေ့ကလည်း KIA တပ်မဟာ (၂) ဒေသ တနိုင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ရေကန်တောင် တပ်ပေါင်းစု စခန်းတစ်ခုကို KIA က သိမ်းပိုက်ခဲ့သည်။
စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားခင် ဇွန် ၉ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ်နှင့် ဖားကန့်၊ လုံးခင်းဒေသများကို ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးများလာရောက်ကြဲချခဲ့ကြောင်း ဒေသ ခံများထံက သိရသည်။
ပုံစာ-ခစတ-၁၀၀၃ နယ်ခြားစောင့်တပ် လဖိုင်တပ်စခန်း နှင့် ဆဒုံးဗျူဟာကုန်း
#ကချင် #ဝိုင်းမော် #စစ်ကောင်စီ #တပ်စခန်းနှစ်ခု #နယ်ခြားစောင့်စခန်း #KIA #သိမ်းပိုက် #Ayeyarwaddy_Times