
ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ စစ်ခေါင်းဆောင် တက်ရောက်ဖွင့်လှစ်ခဲ့သည့် သန်လျင် တံတား အမှတ်(၃) ဖွင့်ပွဲအခမ်းအနားကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရန် စီစဉ်သည် ဟုဆိုကာ လူကိုးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၁၀ ရက်နေ့က သန်လျင်တံတား အမှတ် (၃) ဖွင့်ပွဲအခမ်းအနားကို ၁၀၇-မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရန်စီစဥ်ထားသူ ကိုးဦးကို ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီ၏ ယနေ့ ဇွန် ၁၁ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့က ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်ကို ဆက်သွယ်ထားသည့် သန်လျင် တံတား အမှတ် ၃ ဖွင့်ပွဲကို တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အဆိုပါအခမ်းအနားကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန် ကြံစည်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၆၁) ရပ်ကွက်သင်္ဘောကျင်း ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ လိုင်းခန်းဟောင်းအတွင်းမှ လူခုနစ်ဦးကို ရန်ကုန် UG ဟုစွပ်စွဲ၍ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် ကြံစည်သည်ဟုဆိုကာ ရှော့တိုက်ဒုံးပြုလုပ်သည့် လက်နက်ပစ္စည်းများဖြင့် ဇွန် ၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။
NUG လက်အောက်ခံ ရန်ကုန် UG အဖွဲ့ဝင် ခုနစ် ဦးကို ၁၀၇-မမ ရှော့တိုက်ဒုံး နှစ်လုံး၊ လက်ပစ်ဗုံး နှစ် လုံး၊ ဘတ္တရီအိုး နှစ်လုံး၊ ဖျူး နှစ်ခု၊ ဝါယာကြိုးခွေ လေးခွေနှင့် အခြားဖောက်ခွဲရေးနှင့်ဆက်စပ်သည့် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထား သည်။
ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့တွင် ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ရှော့တိုက်ဒုံး ပစ်ခတ်ရန် ကြံစည်သူ နောက်ထပ် နှစ် ဦးကို ၁၀၇ မမ ရှော့တိုက်ဒုံး တစ်လုံးဖြင့် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးကိုလည်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဖမ်းဆီးခဲ့ပြီး အမျိုးသားတစ်ဦး နှင့် အမျိုး သမီး တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ရှစ် ဦးနှင့် အမျိုး သမီးတစ်ဦးပါဝင်ပြီး ရှော့တိုက်ဒုံးပစ်ခတ်ရန် အွန် လိုင်းမှ သင်ကြားပေးခဲ့သည့် Brigate Drone Force PDF အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိရန် ကြိုးစားနေ သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#ရန်ကုန် #သန်လျင် #အမှတ်၃ #တံတား #၁၀၇မမ #ရှော့တိုက်ဒုံး #ပစ်ခတ်ရန်ကြံစည် #ဖမ်းဆီး #စစ်ကောင်စီ #ထုတ်ပြန် #Ayeyarwaddy_Times