အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နှင့် တွန်းဇံမြို့ကို အဓိက ဆက်သွယ်ထားသည့် ဇလွေချောင်းကူး ကွန်ဂရစ်တံတားကို စစ်ကောင်စီမှ ဖောက်ကွဲဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံက သိရှိရသည်။

ဇလွေချောင်းကူး ကွန်ဂရစ်တံတားသည် တီးတိန်မြို့နှင့် တွန်ဇံမြို့ကြားတွင် တည်ရှိပြီး တီးတိန်-တွန်းဇံမြို့အပြင် ကျီးခါးမြို့တို့ကိုလည်း ဆက်သွယ်ထားသည့် တံတားဖြစ်ပြီး ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဖောက်ကွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“တီးတိန်မြို့ထဲက စစ်သားတွေက လာရောက်ပြီးတော့ မိုင်းနဲ့ ဖောက်ကွဲဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီ တံတားဖောက်ကွဲလိုက်တော့ တွန်းဇံနဲ့ ကျီးခါးပြည်သူအတွက် လမ်းပန်းဆက်သွယ်ရေး၊ စားဝတ်နေရေး ထိခိုက်သွားပါတယ်။”ဟု တွန်းဇံဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ ဖောက်ကွဲဖျက်ဆီးလိုက်သည့် ဇလွေချောင်းကူးတံတားသည် တွန်းဇံမြို့နှင့် ၁၃ မိုင်ခန့်အကွာတွင် တည်ရှိပြီး အဆိုပါ စစ်ကောင်စီ ဖောက်ကွဲဖျက်ဆီးလိုက်ပြီးနောက် တံတားသည် အသုံးပြုခွင့်မရတော့ကြောင်း သိရှိရသည်။

“တံတားက မိုင်းနဲ့ ဖောက်ကွဲလိုက်တာကြောင့်အလယ်မှာ ကျိုးသွားလို့ လုံးဝ အသုံးပြုလို့ မရတော့ပါဘူး” ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း တီးတိန်မြို့နှင့် ရိခေါဒါရ်မြို့ကို ဆက်သွယ်ထားသည့် မံဆောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့များက မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်။

တွန်းဇံမြို့နှင့် ကျီခါးမြို့တို့ကို ချင်းအမျိုးသား(CNA)ဦးဆောင်သော ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့မှ မေလ ၂၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။

#တီးတိန်#တွန်းဇံမြို့#ဆက်သွယ်ထားသည့် #ဇလွေချောင်းကူး တံတား#စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီး#
#Ayeyarwaddy_Times