ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသည့် နွေဦးတမန် ထောက်ပို့ရုံးခန်းကို ယမန်နေ့ ဇွန် ၁၀ ရက်နေ့၊ ညနေ ၅ နာရီ ဝန်းကျင်တွင် ထိုင်းအာဏာပိုင်များက ဝင်ရောက်၍ ရုံးခန်းကို အကြောင်းမဲ့ဖျက်သိမ်းခိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါ နွေဦးတမန်ရုံးခန်းကို ထိုင်းအာဏာပိုင်များဖြစ်သည့် စစ်တပ်၊ ရဲ၊ ရပ်ကွက် လူကြီး စသည့်အဖွဲ့အစည်း ပေါင်းစုံမှလာရောက်ကာ ပိတ်သိမ်းခိုင်းခဲ့ခြင်းဖြစ်ပြီး အာဏာ ပိုင်တချို့က ရုံးခန်းတွင်းရှိ ထောက်ပို့တာဝန်ခံကို ခြေထောက်ဖြင့် ကန်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

နွေဦးတမန်ရုံးခန်းတွင် ရှိသည့်သူများမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အထောက်အထား ပြည့်စုံသည့်သူများ ဖြစ်ကြောင်း သိရပြီး ရုံးခန်း၌ချိတ်ထားသည့် နိုင်ငံ့ခေါင်းဆောင်များ၏ ဓာတ်ပုံများနှင့် အလံများကိုလည်း ဖိအားပေးဖြုတ်သိမ်းခိုင်းခဲ့ကြောင်း သိရသည်။

“ကန်ပိုင်ခွင့်လည်း မရှိဘူး ဝင်လာပြီဆိုတည်းက တရားလွန်သွားပြီ။ ဖမ်းသွားတာတော့ မရှိဘူး။ ဖျက်သိမ်း၊ ဖျက်သိမ်းဆိုပြီး အကုန်လုံး ဖြုတ်ခိုင်းတာ။ သူတို့မှာလည်း သူတို့ ကိုးကွယ် ယုံကြည်တဲ့သူတွေရဲ့ ပုံတွေချိတ်ထားတာပဲ။ ကျွန်တော်တို့မှာလည်း ချိတ်ပိုင်ခွင့်ရှိတယ်။ ကျွန်တော်တို့ ဆန္ဒထွက်ပြတာမဟုတ်ဘူး။ ဆူညံသောင်းကျန်တာ မဟုတ်ဘူး။ လက်နက်‌မှောင်ခိုမှုမဟုတ်ဘူး။ ဘာအမှုမှ မရှိဘဲ အထဲထဲကိုဝင်ချလာတယ်။ သူတို့ပြောသွားတဲ့ ဗွီဒီယိုဖိုင်တွေကအစ တင်ထားတာရှိတယ်” ဟု CDM ကျောင်းဆရာ ကိုနွေဦးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းမှ တိုင်ကြားသည့်အတွက် ရုံးခန်းကို ဖျက်သိမ်းရန် လာရောက် စစ်ဆေးမေးမြန်းခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပြီး ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်များကို ၎င်းတို့မှ ဖျက်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ နှင့် ရွှေ့ပြောင်းနေထိုင် သူများသည် ထိုင်းအာဏာပိုင်များ၏ တရားမဝင်လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို မကြာခဏခံရလေ့ရှိပြီး ၎င်းတို့ဘက်မှလည်း ထိုသို့ချိုးဖောက်မှုများ မှတ်တမ်းတင် ခံရခြင်းမရှိစေရန် ဖုန်းမှတ်တမ်းများဖျက်ခြင်း၊ ဖုန်းသိမ်းခြင်း စသည့်လုပ်ရပ်များကို လုပ်ဆောင်လေ့ရှိကြောင်း ရွှေ့ပြောင်းမြန်မာနိုင်ငံသားများထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ထိုင်း #မဲဆောက် #ထောက်ပို့ရုံးခန်း #ဖျက်သိမ်းခံရ #နွေဦးတမန် #Ayeyarwaddy_Times