
ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျင်းပလျက်ရှိသည့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ၏ (၁၁၂) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံ (112th International Labour Conference-ILC )တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ ကိုယ်စားပြု ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုး ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
ဒေါ်ဖြိးစန္ဒာစိုးသည် နိုင်ငံအသီးသီးရှိ အလုပ်သမား ကိုယ်စားများထံမှ ထောက်ခံမဲ ၉၃ မဲဖြင့် ၂၀၂၄-၂၀၂၇ ခုနှစ်အတွက် ILO အဖွဲ့ချုပ်၏ အလုပ်သမား ကိုယ်စားပြု လက်ထောက် အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရခြင်းဖြစ်ကြာင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးသည် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) လက်အောက်မှ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်းကိုယ်စားပြုအဖြစ် အမည်စာရင်း တင်သွင်းကာ တတ်ရောက်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ရွေးချယ်ခံရခြင်း ဖြစ်ကြာင်း သိရသည်။
ဒေါ်ဖြိုးစန္ဒာစိုးသည် ပြီးခဲ့သည့် ဇွန် ၁၀ ရက်နေ့က ILO ဌာနချုပ်တွင် ပြုလုပ်သည့် မြန်မာအရေးလှုပ်ရှားမှုတွင် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၃(Article 33) ကို အခြေခံ၍ စစ်ကောင်စီတပ်ကို အရေးယူပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင်(ILO) ၏ ပုဒ်မ ၃၃ မှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ နိုင်ငံတကာ အလုပ်သမားစံနှုန်းများကို ချိုးဖောက်ခဲ့ပါက အဆိုပါအဖွဲ့ဝင်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်နိုင်သည့် ဥပဒေပုဒ်မတစ်ခု ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေါ်ဖြိုးစန္ဒာစိုးသည် အာဏာသိမ်း စစ်ကောင်စီ ကျူးလွန်ထားသည့် လူသတ်မှု၊ မတရားဖမ်းဆီးအကျဉ်းချမှု၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်းနှင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများအပေါ် အရေးယူနိုင်ရေးအတွက် ILO ညီလာခံတွင် တင်ပြ ဆွေးနွေးသွားမည်ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးသည် ILO ၏ အုပ်ချုပ်ရေးအဖွဲ့တွင် ပြီးခဲ့သည့် ၂၀၂၁-၂၀၂၄ သက်တမ်းတွင်လည်း အလုပ်သမားကိုယ်စားပြု လက်ထောက် အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး ယခုတွင်လည်း ထပ်မံ ရွေးချယ် ခံရခြင်းဖြစ်သည်။
ဓာတ်ပုံ – CTUM
#CTMU #ILO #လက်ထောက်အုပ်ချုပ်ရေးအဖွဲ့ဝင် #ဒေါ်ဖြိုးစန္ဒာစိုး #ရွေးချယ်ခံရ #အမျိုးသမီးကဏ္ဍ #NUGကိုယ်စားလှယ် #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)