
ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ကန်ပိုက်တီ လမ်းရှိ စစ်ကောင်စီ၏ ဆဒုံးဗျုဟာစခန်းကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင်တိုက် ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ ၏ ဆဒုံးဗျူဟာစခန်းကို ယနေ့ ဇွန် ၁၁ ရက် ညနေပိုင်းတွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တစ်ရက်တည်းတွင်ပင် စစ်ကောင်စီ၏ စခန်း လေးခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“မနက် ၄ နာရီကတည်းက ဆဒုံးအပါအဝင် တပ်စခန်း ၄လေးခုကို တပြိုင်ထဲ ထိုးစစ်ဆင်တာ။ မနက်ပိုင်းက ဝိုင်းမော်က စခန်းနှစ်ခုနဲ့ နယ်ခြားစောင့်စခန်း တစ်ခုကိုရတယ်။ ဒီညနေပိုင်းမှာ ဆဒုံးကိုရတယ်။ စကစ(စစ်ကောင်စီ)ကတော့ လေကြောင်းပစ်ကူပေးနေတာရှိတယ်”ဟု ကချင်စစ် ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။
KIA သည် စစ်ကောင်စီ၏ ဘွမ်တောင်ပြည်သူ့စစ်စခန်း၊ ၁၃ မိုင် စုပေါင်းဂိတ်စခန်း၊ လဖိုင်နယ်ခြားစောင့်တပ်စခန်းတို့ ကို ယနေ့နံနက်ပိုင်းက သိမ်းပိုက်ရရှိထားခဲ့ပြီး ဒိန်ဂါစခန်းနှင့် ဆဒုံးဗျူဟာစခန်းတို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရာ ဆဒုံးဗျူဟာ စခန်းကို ယနေ့ ညနေပိုင်းတွင် ဆက်လက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆဒုံးဗျူဟာစခန်းတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၃ လက်အောက်ခံ နည်းဗျူဟာ-၁ နှင့် ခမရ -၃၈၉ တပ်မှ တပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး ယင်းစခန်း သည် ဆဒုံးဒေသ၏ အရှေ့ဘက်ခြမ်းတောင်ကုန်းပေါ် တွင်တည်ရှိကာ မြို့တစ်ခုလုံးကို ထိန်းချုပ်ထားသည့် ဗျူဟာကုန်းဖြစ်ကြောင်း သိရသည်။
ဆဒုံး-ကန်ပိုက်တီလမ်းပေါ်ရှ် စစ်ကောင်စီတပ်စခန်း များကို ယနေ့ ဇွန် ၁၁ ရက် နံနက် ၄ နာရီအချိန်မှစ၍ KIA က တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ဇွန် ၁၀ ရက်နေ့ကလည်း တနိုင်းရှိ စစ်ကောင်စီ၏ ရေကန်တောင်စုပေါင်း တပ်စခန်းကို KIA က သိမ်းပိုက်နိုင်ခဲ့သည်။
ပုံစာ-ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#ကချင် #ဝိုင်းမော် #ဆဒုံးကန်ပိုက်တီ #စစ်ကောင်စီ #တပ်စခန်း၄ခု #KIAသိမ်းပိုက် #Ayeyarwaddy_Times