
ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင် လာသည့် ဒေသခံများကို စစ်ကောင်စီက မြို့အတွင်းအဝင်မခံဘဲ လမ်းများကိုကန့်သတ်ပိတ်ဆို့ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၂ ရက်နေ့မှစတင်ပြီး သံတွဲမြို့နယ် ငပလီမြို့အနီး တိုက်ပွဲများပြင်းထန်လာပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲသလို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဂေါ့ရပ်ကွက်နှင့် မဇင်ရပ် ကွက်တို့မှ ဒေသခံပြည်သူများ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့ကြကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များသည် သံတွဲမြို့ပေါ်သို့ သွားရောက်စစ်ရှောင်လိုသော်လည်း စစ်ကောင်စီက မြို့အတွင်းအဝင်မခံဘဲ မြို့အဝင်လမ်းများကို ကန့်သတ်ပိတ်ဆို့ထားသည့်အတွက် နီးစပ်ရာဘုန်းကြီးကျောင်းနှင့် လမ်းဘေးတွင် ဖြစ်သလိုနေထိုင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
“ဂေါ့နဲ့မဇင်မှာက လက်နက်ကြီးတွေကျလို့ ဟိုတယ် ဇုန်တစ်ခုလုံး စစ်မြေပြင်ဖြစ်နေပြီ။ ကျွန်မတို့လည်း သံတွဲမြို့ပေါ်ကို သွားချင်တာ။ လမ်းဂိတ်တွေမှာရှိတဲ့ စစ်သားတွေက သွားခွင့်မပေးဘူး။ နီးစပ်ရာက ဘုန်း ကြီးကျောင်းတွေမှာ တည်းဖို့လုပ်နေရတယ်”ဟု ငပလီ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ဇွန် ၃ ရက်နေ့မှစ၍ သံတွဲလေဆိပ်ကို ပိတ်လိုက်ပြီး လေဆိပ်ကိုတပ်စွဲနေထိုင်မှုများပြုလုပ်ကာ သံတွဲအနီးဝန်းကျင်ရွာများကို ဗုံးကြဲတိုက် ခိုက်လျက်ရှိကြောင်း သိရသည်။
သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင် များကို စစ်ကောင်စီက မြို့အတွင်းဝင်ခွင့်မပြုသလို မြို့အတွင်းရှိ ပြည်သူများကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားသည်ဟုဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက သံတွဲမြို့ပေါ်မှ ထွက်ခွါလိုပါက ကျန်းမာရေး၊ ဆေးစစ်ထောက်ခံစာယူခိုင်းပြီး ၎င်တို့ခွင့်ပြုချင်သူအချို့ကိုသာ ခရီးသွားလာခွင့်ပြုကြောင်း သိရသည်။
#ရခိုင် #သံတွဲ #ငပလီ #ဒေသခံစစ်ရှောင်များ #စစ်ကောင်စီ #မြို့အတွင်းဝင်ခွင့်မပေး #Ayeyarwaddy_Times