နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများကို ကားလှူဒါန်းခြင်းသည် လာဘ်ထိုး၍ဝယ်ယူ ခြင်းဖြစ်ပြီး ၎င်း၏ဘဝသည် လေးလံပြီး မရွှင်လန်းသော သဘောဆောင်နေကြောင်း သံဃာတော်များက မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများကို ဇွန် ၉ ရက်က ရန်ကုန်တိုင်း၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယ မင်္ဂလာဓမ္မသဘင်တွင် အခမ်းအနား ပြုလုပ်၍ စစ်ခေါင်းဆောင်က နိုင်ငံတော်အဆင့် မော်တော်ယာဉ်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာအရ သိရသည်။

“အခုလိုမျိုး ကျောင်းလိုရင်ကျောင်း၊ ကားလိုရင်ကား အကုန်လုံး လိုတာမှန်သမျှ ထိုးကျွေးနေတဲ့ အခါကျတော့ ဒီအပေါ်မှာ သာယာသွားရင် မှားနေတာတွေ မြင်တွေ့သော်လည်း မပြောရဲတော့ဘူး။ စစ်အာဏာရှင်က ဒါလာဘ်ထိုးတာပါပဲ။ ဘုန်းကြီးတွေကို ကားပေး၊ ဘွဲ့တွေပေးပြီး ဝယ်လိုက်တာပါပဲ” ဟု ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။

အဆိုပါ လှူဒါန်းမှုနှင့် ပတ်သက်၍ စစ်ခေါင်းဆောင်ကမူ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အနေဖြင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သာသနာ့ တာဝန်များကို စိတ်လက်ပေါ့ပါး လွယ်ကူလျင်မြန်စွာ ထမ်းဆောင်တော်မူနိုင်ကြစေရန် ရည်သန်လျက် ဆက်ကပ်အပ်နှံ လှူဒါန်းခြင်းဖြစ်ကြောင်း ဆိုသည်။

“ဆရာတော်တွေကို လျင်မြန်ချောမွေ့စွာ လှူဒါန်းရင်တော့ ငါ့ဘဝတော့ ချောမွေ့မှာပဲ၊ သွက်လက်ပေါ့ပါးမှာပဲပေါ့။ ဒါဆို (စစ်ခေါင်းဆောင်)ဒီကောင်ဘဝ ဘာဖြစ်နေပြီလဲ၊ လေးလံနေပြီ။ မရွှင်လန်း မသွက်လက်တော့ဘူးဆိုတဲ့ သဘောတစ်ရပ်ကိုလည်း ဆောင်နေပြီဆိုတာ ထင်ရှားပါတယ်” ဟု ဆရာတော် ဦးဝါယမက ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအပါအဝင် ၎င်းတို့ကို မထောက်ခံသော ရဟန်းသံဃာတော်များကို တိရစ္ဆာန်နှင့်နှိုင်း ရိုင်းစိုင်းဆဲဆို၍ ဖမ်းဆီးရိုက်နှက် သတ်ဖြတ်နေသော်လည်း စစ်ခေါင်းဆောင်များကမူ ဘာသာတရား ကိုင်းရှိုင်းပြသည့်အနေဖြင့် ဘုရားတည်၊ ငွေ(ဝတ္ထု) လှူဒါန်း၊ ဘွဲ့တံဆိပ်ပေးမှုများ ပြုလုပ်ပြလျက်ရှိကြောင်း သိရသည်။

“ ဗုဒ္ဓဘာသာ ထိပ်ခေါင်ဆရာတော်တွေကို နိုင်ငံ့ဘဏ္ဍာနဲ့ တည်ဆောက်ထားတဲ့ ကားတွေလှူတယ်။ တစ်ဖက်မှာတော့ ရက်စက်စွာ သတ်ဖြတ်ပြနေခြင်းဟာ ဗြောင်ကျကျ မတရားမှု ကျူးလွန်တာပါ။ လိမ်လည်လှည့်ဖြားပြီး အာဏာသက်ဆိုးရှည်အောင် တည်ဆောက်ခြင်းဖြစ်တယ်” ဟု ဆရာတော် ဦးဝါယမက ဆက်လက်မိန့်သည်။

ထို့အပြင် စစ်ခေါင်းဆောင်က ၎င်းတို့အနေဖြင့် သံဃမဟာနာယက ဆရာတော် ကြီးများ၏ ဩဝါဒတော်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဠိတော် (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသည့် ကျမ်းစာအုပ် များကိုလည်း ပြည်တွင်းပြည်ပရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် ဘုန်းတော်ကြီး ကျောင်းများကို လှူဒါန်းလျက်ရှိကြောင်း ထည့်သွင်းပြော ဆိုခဲ့သည်။

“စစ်တပ်ဆိုတာ တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရမှာ။ ဒါကို ပြောင်းပြန်ပြန်သတ်နေတယ်ဆိုတာ တကယ့်အဓမ္မပဲ။ တကယ့် မကောင်းမှုဘဲ။ ရဟန်းသံဃာတွေက ဒါတွေမလုပ်ဖို့ ဓမ္မလမ်းကြောင်းပေါ်လျှောက်ဖို့ စတာတွေကို တားမြစ်ဆုံးမရမယ်” ဟု ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်သည်။

ဓာတ်ပုံ – စစ်ကောင်စီ

#စစ်ခေါင်းဆောင် #သံဃာတော်များ #လာဘ်ထိုး #ကားလှူဒါန်း #ဆရာတော်များမိန့်ကြား #Ayeyarwaddy_Times