ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင်း၌ ပြီးခဲ့သည့်ဇွန်လပထမအပတ်အတွင်း ခိုးဆိုးလုယက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကာ ကျူးလွန်သူများမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်များဖြစ်နေကြောင်း ဒေသခံများထံကသိရသည်။

ဟင်္သာတမြို့တွင်းရပ်ကွက်များဖြစ်သည့် တာကလေးရပ်ကွက်နှင့် ကနောင်စုရပ်ကွက်တို့တွင် ပြီးခဲ့သည့်ဇွန်လပထမအပတ်အတွင်း ဆိုင်ကယ်ခိုးမှု နှင့် နေအိမ်သို့ဝင်ရောက်၍ပစ္စည်းလုယက်ခိုးယူမှု များဆက်တိုက်ဖြစ်ပွားခဲ့ကာပြစ်မှုကျူးလွန်သူများမှာ ရပ်ကွက်အတွင်းနေထိုင်သည့်ပျူစောထီးအဖွဲ့ဝင်များဖြစ်နေကြောင်း ဒေသခံများထံကသိရသည်။

“နှစ်ရက်ထဲနဲ့ယိုးဒယားဘီး ၁၀ စီး၁၅စီးလောက်ပါသွားတယ်။ အိမ်ပေါ်တက်ပြီးခိုးကြတယ်၊ လူတွေ့ရင်ဓားထောက်လုတယ်။ ညပိုင်းကင်းလှည့်တယ်ဆိုပြီး ပြည်သူ့စစ်(ပျူစောထီး)တွေကိုပဲရပ်ကွက်အုပ်ချုပ်ရေးမှူးကလှည့်ခိုင်းတယ်။ ဆိုင်ကယ်ခိုးဖို့လုပ်နေတဲ့တစ်ယောက်ကို အိမ်သားတွေဝိုင်းဖမ်းပြီးမေးတော့ ခိုးမှုလွတ်ငြိမ်းပြန်လွတ်ပြီး ပျူစောထီးလုပ်နေတဲ့သူဖြစ်နေတယ်။ရဲစခန်းသွားအပ်ထားလည်းနောက်တရက်ကျတော့ပြန်လွှတ်ပေးတာပဲအဖတ်တင်တယ်” ဟု တာကလေးရပ်ကွက်ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့တို့မှ ညစဉ်ကင်းလှည့်ပတ်မှုများရှိနေသော်လည်း ခိုးဆိုးလုယက်မှုများမှာ ပုံမှန်ဖြစ်နေကြောင်းကိုဒေသခံများကပြောဆိုသည်။

“ခိုးမှုတွေဆက်တိုက်ဖြစ်နေတာ မြို့ပေါ်လမ်းမှာက ကင်းလှည့်တာတော့မပျက်ဘူး။ အိမ်မှာဆိုင်ကယ်အခိုးခံရလို့ သိသိချင်းရဲစခန်းကို စီစီတီဗီမှတ်တမ်းတွေနဲ့ပါသွားတိုင်တာ။ ငွေပါမှအမှုဖွင့်ပေးမဲ့သဘောပြောတယ်။ ဥပဒေဆိုတာလုံးဝကိုမရှိတော့တာလည်းကြာပါပြီ”ဟုကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကနောင်စုရပ်
ကွက်ဒေသခံတစ်ဦးကဆိုသည်။

ဟင်္သာတတွင် ပြီးခဲ့သည့်ဇွန်လပထမအပတ် အတွင်း ခိုးဆိုးလုယက်မှုပေါင်း(၃၀)မှုထက် မနည်းဖြစ်ပွားခဲ့၍ ပြစ်မှုကျူးလွန်သူ လေးဦးထက်မနည်းဖမ်းဆီးရမိခဲ့ကြောင်း ရဲသတင်းရင်းအမြစ်များထံကသိရသည်။

#ဟင်္သာတ #ပျူစောထီးအဖွဲ့ဝင်များက #ခိုးဆိုးလုယက်မှုများ #ကျူးလွန်နေ #Ayeyarwaddy_Times