
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန်လ၁၀ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရာဖူးရွာသစ်တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်း တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အရာရှိအပါဝင်တပ်သား ခြောက်ဦး သေဆုံးပြီး ခြောက် ဦးဒဏ်ရာရရှိကြောင်း ဒေါနစစ်ကြောင်းထံက သိရသည်။
သာယာမွန်ကျေးရွာသို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဇွန် ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် နှစ်ဖက်အပြန်အလှန်ထိတွေ့ ပစ်ခတ်တိုက်ခိုက်မှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူတို့ (စစ်ကောင်စီ) ဖက်က အထိအခိုက်နဲ့ ကျဆုံးတာတွေ ရှိတယ်ဗျ။ ထိခိုက်ကျဆုံးတဲ့ စစ်ကောင်စီတပ်သားတွေကို ကားတွေနဲ့ ကလိန်အောင်ဘက်ကို သယ်သွားတယ်”ဟု MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်နဂါးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ ပစ်ခတ်မှုသည် ၁နာရီ၃၀မိနစ် ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ တစ်ဦးအပါဝင် ခြောက်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိကြောင်းသိရသည်။
ထိုနောက် မောရဝတီရေတပ်ဌာနချုပ်မှ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ရာဖူးရွာ သစ်က နေအိမ်တစ်လုံးပေါ်ကျ၍ နေအိမ်မီးလောင်ပျက်စီးခဲ့ပြီး လသားအရွယ် ကလေးငယ် တစ်ဦးအပါအဝင် မိသားစုဝင် လေးဦး သေဆုံးခဲ့သည်။
” အိမ်ကို စထိထိချင်းမှာ လသားအရွယ် သမီးဖြစ်သူနဲ့ အဖေ ရော အမေပါ ပွဲချင်းပြီးဆုံး သွားတယ်။ ဒဏ်ရာရတဲ့ သားဖြစ်သူကိုတော့ ဆေးရုံကိုပို့ဆောင်၍ ဆေးကုသမှု ခံယူနေစဥ် နောက်တစ်နေ့မှာပဲ ရရှိထားတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတယ်။ မိသားစုဝင် လေးယောက်စလုံးသေသွားတယ်”ဟု မိသားစုနှင့်နီးစပ်သူ ရာဖူးရွာသစ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနစစ်ကြောင်း နှင့် ပူးပေါင်းမဟာမိတ်တပ်များ၊MSRF(မွန်ပြည်တော်လှန်ရေးတပ်) ၊ New Mon State Party-AD ၊ KTLA ၊ Saw Dragon Drone Force(ဒရုန်းအထူးတပ်ဖွဲ့) တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များဖက်မှ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပုံစာ-ဒေါနစစ်ကြောင်း မှ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များ။
#ကလိန်အောင် #ရာဖူးရွာသစ်တိုက်ပွဲ #စစ်ကောင်စီတပ်အရာရှိ #တပ်သား၆ဦးသေဆုံး #၆ဦးဒဏ်ရာရ #Ayeyarwaddy_Times