ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၁၀ ရက်

ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းပိုင်းကို ပြည်သူများ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုလုပ်ကြဖို့ ယမန်နေ့ ဇွန် ၉ ရက်နေ့မှာ ဒေါနစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များက ထုတ်ပြန်သည်။

လက်တလောတွင် မွန် နှင့် တနင်္သာရီအစပ် ရေး – ထားဝယ် မလွှဲတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား နှစ်ဖက်စစ်ရေး ပြင်းထန်စွာ ဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်များသည် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ စိုးမိုးထိန်းချုပ် ထားသော ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ရရှိရေး အတွက် အပြင်းအထန်ထိုးစစ်ဆင်ပြီး ထိန်းချုပ်ရေးကြိုးပမ်းလာနေခြင်းဖြစ်ကြောင်း သိရသည်။

“အခုက သူတို့ (စစ်ကောင်စီ) တပ်က ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့ စိုးမိုး ထိန်းချုပ်ထားတဲ့ ရေး – ထားဝယ် လမ်းပိုင်းကို ပြန်လိုချင်နေကြတာ။ဒါကြောင့်လည်း စစ်ကောင်စီတပ်အင်အား ရာချီရှိတဲ့ တပ်နဲ့ ပြန်လည်ထိုးစစ်ဆင်ပြီး တိုက်ခိုက် လာနေတယ်။ရှင်းရှင်းပြောရရင် ကျွန်တော် တို့စိုးမိုးထိန်းချုပ်ထားတဲ့လမ်းပိုင်းကို ပြန်လိုချင်နေကြသည်” ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ရေး.- ထားဝယ် လမ်းပိုင်းကို ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်ရန် ကြိုးစားလာ သောကြောင့် စစ်ကောင်စီဘက်မှ အရပ်သားပြည်သူများကိုအသုံးပြုခြင်း၊ အရပ်သား အသွင်ယူ၍ စစ်အင်အားဖြည့်တင်းခြင်းတို့ကို ပြုလုပ်နေသည့်အတွက် ပြည်သူများ ထိခိုက်မှု မရှိစေရန်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆင်ရေးဖော်ဆောင်မှု လွယ်ကူစေရန် ယခုကဲ့သို့ အသိပေးရခြင်း ဖြစ်ကြောင်း ဆိုထားသည်။

ထိုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ လမ်းပိုင်းတစ်လျှောက်ဖြန့်ကျက် ထားသည့် တပ်ရင်းတပ်ဖွဲ့များအနေဖြင့်စစ်ရေးအရှိန်အဟုန်မြှင့်တင်ပြီး စစ်ကောင်စီကို အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်ပြီး အသင့်အနေအထားရှိပြီ ဖြစ်ကြောင်းသိရသည်။

ခရီးသွား ပြည်သူလူထုများအနေဖြင့် ဇွန်လ ၉ ရက်နေ့မှ စ၍ ရေး – ထားဝယ်လမ်းပိုင်းအား အရေးကြီး မလိုအပ်ဘဲ လုံးဝ (လုံးဝ) အသုံးမပြုရန် ဒေါနစစ်ကြောင်းက မေတ္တာရပ်ခံတောင်းဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက် ထုတ်ပြန်သည့်နေ့မှစ၍ နောက်ထပ်ထုတ်ပြန်ချက် တစ်စုံတစ်ရာ မပြုလုပ်မခြင်း ရေး -ထားဝယ် လမ်းပိုင်းအား သွားလာခြင်းမပြုရန် နှင့်အထက်ပါ ထုတ်ပြန်ချက်ကို လိုက်နာရန်ပျက်ကွက်ခဲ့ပါက ဖြစ်ပျက်လာမည့်အကျိုးဆက်များအား ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုက တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ဒေါနကော်လံ

#ရေးထားဝယ် #အမှတ်၈ပြည်ထောင်စုလမ်းပိုင်း #ပြည်သူလူထုများ #ခရီးသွားလာခြင်း #မပြုလုပ်ရန် #ဒေါနစစ်ကြောင်းအသိပေး #Ayeyarwaddy_Times