နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးနှင့် ရပ်စောက်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) စစ်ကြောင်းကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ဝင်များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း SSPP/SSA က ယမန်နေ့ ဇွန် ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ရပ်စောက်မြို့နယ်၊ တောင်ထိပ်ကျေးရွာ၏ တောင်ဘက်အရပ်တွင် ပတ်ကင်းလှည့် နေသော SSPP/SSA တပ်ဖွဲ့ဝင်တချို့ကို ပြီးခဲ့သည့် ဇွန် ၆ ရက်၊ နံနက် ၉ နာရီခန့်တွင် RCSS တပ်ဖွဲ့ဝင်တချို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းခြောက်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး SSPP/SSA တပ်သားတစ်ဦး မိုင်းစထိ၍ အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဟိုပုံးမြို့နယ်၊ မိုင်းပြင်ကျေးရွာအုပ်စု၊ ကျောက်ငတ်ကျေးရွာအနီးတွင် ဇွန် ၄ ရက်၊ နံနက် ၅ နာရီကျော်က RCSS ၏ ထောင်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ဇွန် ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင်လည်း ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအုပ်စု၊ လွယ်တန် ကျေးရွာနှင့် မက်လန်းကျေးရွာကြား၌ လှုပ်ရှားသွားလာသည့် SSPP/SSA စစ်ကြောင်းကို RCSS တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ RCSS တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင် သုံးလုံးကိုလည်း SSPP/SSA တပ်ဖွဲဝင်များက ယင်းနေရာတွင်ပင် သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ပြောရေးဆိုခွင့်ရှိသူများကို သိရှိမေးမြန်းနိုင်ရန် ဧရာဝတီတိုင်းမ် သတင်းဌာနက ယနေ့ ဇွန် ၁၀ ရက်တွင် တယ်လီဖုန်း ဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၏ ထုတ်ပြန်ချက်အရ ဇွန် ၁ ရက်၊ နံနက် ၆ နာရီခွဲခန့်ကလည်း ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု၊ မိုင်းပျဉ်းကျေးရွာ အနောက်ဘက် ကျောက်ငတ်ကျေးရွာ လမ်းခွဲတွင် လှုပ်ရှားနေသည့် ၎င်းတို့ စစ်ကြောင်းကို RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့သလို လက်ရှိဇွန်လ အစပိုင်း၌ပင် RCSS တပ်ဖွဲ့ဝင်များမှ (၄) ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မူကြောင့် SSPP/SSA တပ်သားတစ်ဦး ဒဏ်ရာအနည်းငယ် ရရှိပြီး စစ်ယာဥ်တန်း မော်တော်ယာဥ်တစ်စီး အနည်းငယ် ထိခိုက်ပျက်စီးခဲ့သလို ဒေသခံ ပြည်သူများ၏ သတင်းပေးပို့မူကြောင့် မပေါက်ကွဲသေးသည့် RCSS ထောင်မိုင်း အလုံး ၂၀ နီးပါးကိုလည်း SSPP/SSA ဘက်က လိုက်လံရှင်းလင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုရှမ်းတပ်နှစ်ဖွဲ့ဖြစ်သော SSPP နှင့် RCSS သည် နှစ်ဖက်ပေါင်းစည်းနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မူရပ်စဲကြောင်း သဘောတူကြေညာစာ ထုတ်ပြန်ခဲ့သော်လည်း ၂၀၂၄ မတ်တွင် (၁) ကြိမ် ၊ မေတွင် (၆) ကြိမ် ၊ ဇွန်တွင် (၄) ကြိမ် စုစုပေါင်း (၁၁) ကြိမ်တိုင် RCSS က ယင်းကဲ့သို့ တိုက်ခိုက်ခဲ့ ကြောင်း SSPP က ဆိုသည်။

ထို့အပြင် ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းနိုင်ရေးကို ရှေးရူပြီး SSPP/SSA တပ်ဖွဲ့မှလက်ရှိ အချိန်ထိ RCSS တပ်ဖွဲ့အပေါ် တုံ့ပြန်တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ တစ်ကြိမ်တစ်ခါမျှ လုပ်ဆောင်ခြင်းမရှိဘဲ RCSS ကသာ SSPP/SSA စစ်ကြောင်းများကို လိုက်လံတိုက်ခိုက်နေကြောင်း သိရသည်။

ဓာတ်ပုံ – SSPP
#SSPPစစ်ကြောင်း #RCSS #အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက် #Ayeyarwaddy_Times