ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာ ငါးရွာမှ ဒေသခံပြည်သူများကို စစ်ကောင်စီက ကျေးရွာအတွင်းမှ ဖယ်ရှားခိုင်းပြီး စစ်တွေမြို့အတွင်း သွားရောက်နေထိုင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ယမန်နေ့ ဇွန် ၉ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း စစ်တွေမြို့နယ်အတွင်းရှိ အောင်တိုင်၊ အုန်းရေဖော်၊ ကြက်တောပြင်၊ ပုလ္လင်ပြင်၊ ရေချမ်းပြင်ကျေးရွာများမှ ဒေသခံများကို ရွာအတွင်းမှ တစ်ဦးမကျန်ဖယ်ရှားပေးရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း ဒေသခံ များထံမှ သိရသည်။

“ရွာ ငါးရွာလုံးက ပြည်သူတွေကို တစ်ယောက်မှမနေရစ်ခဲ့ဘဲ စစ်တွေမြို့ထဲကို ပြောင်းခိုင်းထားတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းရမယ်ပြောတယ်။ စစ်တွေမြို့ထဲမှာလည်း နေစရာစီစဉ်မပေးထားဘူး။ ဆွေမျိုးနီးစပ်ရှိတဲ့သူတွေက အဆင်ပြေပေမယ့် ကျွန် တော်တို့ဆို ဘယ်နားသွားနေရမှန်း အခုထိမစီစဉ်ရသေးဘူး။ ပြောင်းရမယ့်ရက်ကျော်လို့ မပြောင်းရသေးရင် လာပစ်သတ်မှာကြောက်ရတယ်”ဟု အောင် အောင်တိုင်ရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တွေမြို့နယ်အတွင်းတွင် ဒေသခံအများစုမှာ တိုက်ပွဲရောက်လာမည်ကို စိုးရိမ်၍ နီးစပ်ရာမြို့နယ် များသို့ ပြောင်းရွှေ့သွားကြပြီး ကျန်ရှိနေသူများမှာ အိမ်စောင့်နှင့် သွားစရာနေရာမရှိသူများသာ ကျန်ရှိတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗျိုင်းဖြူရွာဖြစ်စဉ်ကြောင့်လည်း လူနည်းစုသာရှိသည့် ကျေးရွာများမှ ဒေသခံများသည် အခြားကျေးရွာများသို့ သွားရောက်ပူးပေါင်းနေထိုင်နေကြကြောင်း သိရ သည်။

“အခု ပြောင်းခိုင်းတဲ့ကိစ္စကိုလည်း ရွာသားတွေက အရမ်းလန့်နေကြတယ်။ တပ်တော်က စစ်တွေကို ပိတ် ဆို့ထားပြီးပြီဆိုတော့ စစ်ကောင်စီက မြို့တွင်းမှာ ပြည်သူတွေကိုပိတ်ပြီး ဓားစာခံလုပ်မယ့်သဘောဖြစ်နေတယ်။ မဟုတ်ရင် ပြောင်းခိုင်းစရာ ဘာအကြောင်းမှမရှိဘူး။ အဲဒီရွာတွေမှာ ကာကင်းလုပ်မယ်လို့လည်း ပြောတယ်”ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါကျေးရွာများမှ ဒေသခံများကို နေရာပြောင်းရွှေ့ရန် စစ်ကောင်စီလက်အောက်ခံ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ- စစ်​တွေမြို့မြင်ကွင်း
#ရခိုင် #စစ်တွေမြို့နယ် #ကျေးရွာ၅ရွာ #ဒေသခံများ #စစ်ကောင်စီ #ပြောင်းရွှေ့ခိုင်း #Ayeyarwaddy_Times