ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့်ထိခိုက်သွားသောစီးပွားရေးလုပ်ငန်းများကို ကုစားရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က စီးပွားရေးရုပ်ငန်းရှင်များ လုပ်ငန်းများအတွက် ပေးအပ်ထားသော ချေးငွေများကို စစ်ကောင်စီအာဘော် သတင်းစာမှတဆင့် နေ့စဉ်တောင်းခံလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ချေးငွေသက်တမ်း ၃ နှစ်ကျော်လွန်ပြီးဖြစ်၍ တိုင်းနှင့်ပြည်နယ်ရှိ ကုမ္ပဏီများအပါအဝင် လုပ်ငန်းများက ချေးငွေအတိုး/အရင်းကို ဇူလိုင် ၁ ရက်နေ့မတိုင်မီ စစ်ကောင်စီထံ အမြန်ဆုံးပေးဆောင်ရန် ဇွန် ၆ ရက်မှစတင်၍ နေ့စဉ်တောင်းခံ လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စတင်၍ စီးပွားရေးလုပ်ငန်းများကို ချေးငွေသက်တမ်း ၁ နှစ် ( အတိုးနှုန်း ၁ ရာခိုင်နှုန်း) ချေးငွေသက်တမ်း ၁ နှစ် ပြည့်မြောက်ခဲ့ပြီးနောက် ပထမအကြိမ် ၆ လ၊ ဒုတိယအကြိမ် ၆ လ နှင့် တတိယအကြိမ် ၁ နှစ်နှင့် စုစုပေါင်း ၃ နှစ်အထိ ချေးငွေသက်တမ်းများ တိုးမြှင့်ဆောင်ရွက်ပေးကြောင်းသိရသည်။

ယင်းကိုဗစ်ချေးငွေကို NLD အစိုးရလက်ထက်တွင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ၏ အထွေ ထွေပိုလျှံရန်ပုံငွေမှ ကျပ် (၁၀၀) ဘီလီလံမတည်ပြီး CMP အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ အသေးစားစီးပွားရေးလုပ်ငန်းများအပါအဝင် လက်ဖက် ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို မတည်ရင်းနှီးငွေအချိုးအစားအလိုက် ကျပ်သိန်းရာ နှင့်ချီ၍ ချေးပေးခဲ့သည်။

စစ်ကောင်စီက ထိုသို့တောင်းခံနေသော်လည်း လက်ရှိအထွေထွေအကျပ်အတည်းများ ကြားထဲတွင် အချို့စီးပွားရေးလုပ်ငန်းများမှာ ရပ်နားကုန်ပြီဖြစ်ပြီး ကျန်ရှိနေသည့် စီးပွားရေးလုပ်ငန်းများမှာလည်း ကျားကန်ရပ်တည်နေရ၍ အမြတ်အစွန်းနည်းပါး နေကြောင်းသိရသည်။

စစ်ကောင်စီသည် ၎င်းတို့ အာဏာသိမ်းထားသောကာလ ၂၀၂၂ ခုနှစ်တွင် ကိုဗစ် – ၁၉ ရန်ပုံငွေမှနေ၍ ထပ်မံ ထုတ်ချေးထားသော လုပ်ငန်းပေါင်း ၈၉၇ ခုရှိပြီး သက်တမ်းနှစ်နှစ်ပြည့်ပြီးသည့်နောက်တွင် တစ်နှစ်ထပ်မံသက်တမ်းတိုးပေးထားကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#NLD #လက်ထပ် #ကိုဗစ်ချေးငွေ #စစ်ကောင်စီပြန်တောင်း #Ayeyarwaddy_Times